ပြည်တွင်းစစ် ရပ်စဲရေး တိုကျိုမြို့ မြန်မာသံရုံးရှေ့ ချီတက်ဆန္ဒပြ
ဇော်ဇော်လှိုင်
·
June 25, 2018
တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရပ်ပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဆောင်ရွက်ရေးအတွက် ချီတက် ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး ဇွန်လ ၂၄ ရက်က တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံရှိ မြန်မာတိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံသား ၂၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေမှုတွေ ရပ်စဲရေးနဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေရဲ့ လက်ရှိ အခြေအနေမှန်တွေကို ဂျပန်နိုင်ငံသားတွေ သိရှိစေဖို့နဲ့ မြန်မာတပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဆောင်ရွက်စေဖို့ အခုလို ဂျပန်နိုင်ငံရောက် မြန်မာတွေ စုပေါင်း ဆန္ဒပြကြတာလို့ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့(ဂျပန်)ဥက္ကဋ္ဌ မိုင်ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းစစ် ဆိုးကျိုးကြောင့် တိုင်းရင်းသားဒေသတွေမှာသာမက တနိုင်ငံလုံး ဒုက္ခခံစားနေရတာကို ဖော်ပြချင်လို့ အခုလို မြန်မာလူမျိုးအနေနဲ့ လာရောက်ချီတက် ဆန္ဒဖော်ထုတ်ရတာပါလို့လည်း တိုကျိုမြို့နေ ကိုသန့်မျိုးထွေးက ပြောပါတယ်။
ချီတက်ပွဲကို နဂိုယာ၊ ချီးဘားနဲ့ ဆိုင်းတမမြို့တွေက မြန်မာတိုင်းရင်းသားတွေပါ လာရောက်ချီတက် ပါဝင်ခဲ့ကြပြီး ဂျပန်အစိုးရ အစီအစဉ်နဲ့ ထိုင်း-မြန်မာနယ်စပ်နဲ့ မလေးရှား ဒုက္ခသည်စခန်းတွေက ရောက်ရှိလာခဲ့တဲ့ တိုင်းရင်းသားဒုက္ခသည်တွေပါ လာရောက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။