နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (ဖျက်သိမ်းပြီး)ရဲ့ ဒုတိယ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး (အငြိမ်းစား)ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာလို့ နေပြည်တော် တိုက်ချောင်း တပ်မတော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကုသနေတယ်လို့ အဲဒီစစ်ဆေးရုံက အတည်ပြုပြောကြားပါတယ်။
[caption id="attachment_27704" align="alignright" width="300" caption="ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး"][/caption]ပြင်ဦးလွင်နဲ့ နေပြည်တော်မှာ နေထိုင်တဲ့ ဦးမောင်အေးဟာ မနေ့က လေဖြန်းဝေဒနာ ခံစားလာရတဲ့အတွက် တိုက်ချောင်း စစ်ဆေးရုံကို ချက်ချင်း လာတင်တာလို့ အဲဒီဆေးရုံ အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။
မြန်မာနိုင်ငံကလာတဲ့ သတင်းတွေအရတော့ ဦးမောင်အေးဟာ ဒီနေ့ နေ့လယ်ပိုင်း စင်ကာပူနိုင်ငံက ဆေးရုံမှာ သွားရောက် ကုသမှု ခံယူမယ်လို့လည်း သိရပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ ၁၉၅၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် မတ်လအထိ ၅၅ နှစ်လောက် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်တက္ကသိုလ် ပထမ အပတ်သင်တန်း ဆင်းခဲ့သူလည်း ဖြစ်ပါတယ်။
တပ်မတော်က အငြိမ်းစားယူပြီးကတည်းက ဇာတိ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မှာ သာသနာဘောင် ခေတ္တဝင်ခဲ့ပြီးတော့ ပြင်ဦးလွင်မြို့မှာ စိုက်ပျိုးရေး လုပ်နေတာလို့ ကြားသိရပါတယ်။