၈၈ မျိုးဆက်များ အလုပ်သမားဒုဝန်ကြီးနှင့် ဆွေးနွေး
အေးနိုင်
·
July 6, 2012
ဇွန်လ ၈ ရက်နေ့က စပြီးဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာငွေ တိုးမြှင့်ရရှိရေးနဲ့ ပတ်သက်လို့ အလုပ်သမားဒု-ဝန်ကြီး ဦးမြင့်သိန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ မနေ့က ဆွေးနွေးပါတယ်။
ကိုကိုကြီးက “ဦးမြင့်သိန်းတို့အဖွဲ့နဲ့ ကျနော်တို့ ၈၈ အဖွဲ့တွေ သီးခြားတွေ့တာ။ အဓိက ဂျပန် ကုမ္ပဏီ ဖာမိုဆို ကိစ္စ မပြီးသေးတဲ့ ကိစ္စကို အတတ်နိုင်ဆုံး ညှိပေးနေတယ်။ ခုံသမာဓိရုံးမတင်ခင်မှာ နောက်ဆုံးညှိနှိုင်းနိုင်ဖို့ပေါ့။ ညှိနှိုင်းပြေလည်သွားရင်တော့ ခုံသမာဓိရုံးတင်စရာမလိုဘူးပေါ့။ မပြောရင်တော့ ခုံသမာဓိရုံး ဗဟိုအဆင့်ထိတက်ရမှာပေါ့” လို့ ပြောပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဂျပန်ပိုင် ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံမှာ လစာတိုးရေးဆန္ဒပြနေကြတဲ့အပေါ် ဆွေးနွေးကြတာဖြစ်ပြီး မနေ့ကရော ဒီနေ့မှာပါ ဒီအလုပ်သမားပြဿနာ ပြေလည်စေဖို့ ကြားဝင်ညှိနှိုင်းနေတယ်လို့ ကိုကိုကြီးက ပြောပါတယ်။
“ဒီနေ့ကတော့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေနဲ့ရော၊ အလုပ်သမားဘက်က ကိုယ်စားလှယ်တွေနဲ့ပါ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အလုပ်သမားတွေ ဘက်ကတော့ သူတို့စားဝတ်နေရေး အခြေအနေတွေ၊ နောက်တခုက သူတို့စက်ရုံက အကူလုပ်သားမရှိဘူး။ ကျွမ်းကျင်လုပ်သားတွေချည်းပဲဆိုတော့ သူတို့နဲ့ ထိုက်သင့်တဲ့လစာရဖို့ ကြိုးစားနေကြတာပေါ့။ မနေ့က ညှိတယ်။ ဒီနေ့လည်း ဆက်ညှိနှိုင်းနေတာပေါ့။”
ဒီမတိုင်ခင်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို မြို့နယ် အလုပ်သမားရုံးက ညှိနှိုင်းလို့ မပြေလည်တာကြောင့် အလုပ်သမားဖျန်ဖြေရေးရုံးကို ဆက်တင်ရာမှာ မြို့နယ် အလုပ်သမားရုံးကိုပဲ ပြန်လွှဲခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း မေလကတည်းကစတဲ့ စက်မှုဇုန်တွေက အလုပ်ရုံတွေမှာ လုပ်ခတိုးရဖို့ ဆန္ဒပြမှုတွေ တော်တော်များများ အောင်မြင်ခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာန စာရင်းအရ မေလအတွင်း လစာတိုးပေးဖို့တောင်းဆိုတဲ့ စက်ရုံ ၅၇ ခုရှိတယ်လို့ သိရပါတယ်။