My Tel တွင် ကာချုပ်၏သား ရှယ်ယာမပါဟု ကုမ္ပဏီ ရှင်းလင်း
DVB
·
June 23, 2018
ဆက်သွယ်ရေးအော်ပရေတာ My Tel ကုမ္ပဏီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားဖြစ်သူပိုင် ရှယ်ယာတွေ မပါဘူးလို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
လူမှုကွန်ရက်မှာ ဝေဖန်နေတာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
My Tel ကုမ္ပဏီမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ဦးအောင်ပြည့်စုံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါနေတယ်လို့ ဝေဖန်တာတွေရှိနေပြီး ကုမ္ပဏီရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက လုံးဝ မရှိဘူးလို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် ရှယ်ယာ ၂၈ ရာခိုင်နှုန်းပဲ ပါပြီး လူပုဂ္ဂိုလ်တဦးချင်းပိုင်ဆိုင်တဲ့ ရှယ်ယာ မရှိဘူးလို့ သူက ရှင်းပြပါတယ်။
My Tel ကုမ္ပဏီကို ဗီယက်နမ် ကုမ္ပဏီ ဗီယက်တယ်လ်ရဲ့ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင်ရှယ်ယာ ၂၈ ရာခိုင်နှုန်းနဲ့ Myanmar National Telecom Holding Public ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပိုဆိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်း ဆင်းမ်ကတ်နံပါတ်ဟာ ၉၆၉ နဲ့ စတင်တဲ့အပေါ်၊ မျိုးချစ်စိတ်နဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေ တိုးတက်စေဖို့ My Tel ကွန်ရက်က ကူညီမယ်လို့ ကွန်ရက် မိတ်ဆက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။
ဒါဟာလည်း ဆက်သွယ်ရေးဌာနရဲ့ ကျန်ရှိတဲ့ နံပါတ်ကို သုံးစွဲခဲ့တာလို့ ဦးဇော်မင်းဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရင်နှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်းတထောင်ရှိပြီး သန်းနှစ်ထောင်ကျော်အထိ ရင်းနှီးမြှပ်နှံသွားမှာဖြစ်သလို ဆင်းမ်ကတ်ပေါင်း တသန်းကျော် ရောင်းချထားပြီလို့လည်း ပြောပါတယ်။