လက်ဟန်ပြဘာသာစကား ကျွမ်းကျင်သည့် ကမ္ဘာကျော် ဂေါ်ရီလာမျောက်ဝံမ သေဆုံး (ရုပ်သံ)

ဓာတ်ပုံ - Ronald Cohn, National Geographic Creative
လက်ဟန်ပြဘာသာစကား သင်္ကေတ အမျိုးတထောင်ကျော် နားလည်တတ်ကျွမ်းတဲ့ ကိုကိုအမည်ရတဲ့ ကမ္ဘာကျော် ဂေါ်ရီလာမျောက်ဝံမကြီးဟာ ဇွန်လ ၂၀ ရက် မနက်ပိုင်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ “အံ့သြလောက်စရာ လက်ဟန်သင်္ကေတပြ ဘာသာစကား ကျွမ်းကျင်ပြီး မျိုးတုန်းပျောက်ကွယ်လု ဖြစ်နေတဲ့ သူတို့ ရှားပါးမျိုးစိတ်ရဲ့ ကနဦးသံတမန် ဂေါ်ရီလာမျောက်ဝံမကြီး ကိုကိုဟာ အသက် ၄၆ နှစ်အရွယ်မှာ အိပ်နေရင်း သေဆုံးသွားခဲ့ပါပြီ” လို့ ဂေါ်ရီလာ ဖောင်ဒေးရှင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သူဟာ အမေရိကန် လက်ဟန်သင်္ကေတပြ ဘာသာစကားကို နားလည်ပြီး အတွေးတွေ၊ ခံစားမှုတွေကိုပါ ကောင်းကောင်း နားလည်နိုင်ပါတယ်။ ကိုကိုဟာ ကြောင်တွေကိုချစ်တတ်တဲ့ အပြုအမူကြောင့်လည်း ကမ္ဘာတလွှား နာမည်ကြီးခဲ့တာပါ။ သူ့ရဲ့ ဉာဏ်ရည်အဆင့် အိုင်ကျူဟာ ၇၅ နဲ့ ၉၅ ကြားရှိပြီး အင်္ဂလိပ်လို ပြောစကား ၂၀၀၀ ကျော်ကို နားလည်နိုင်စွမ်းရှိကာ သာမန်အားဖြင့် လူတယောက်ရဲ့ ဉာဏ်ရည်အဆင့် အိုင်ကျူကိုတော့ ၁၀၀ ဝန်းကျင်သာ သတ်မှတ်ထားတာမို့ ကိုကိုဟာ ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါထဲမှာ ပါဝင်ခဲ့ပါတယ်။ ဂေါ်ရီလာ မျောက်ဝံမကြီးကို ၁၉၇၁ ခုနှစ်က ဆန်ဖရန်စစ္စကို တိရစ္ဆာန်ဥယျာဉ်ထဲမှာ မွေးဖွားခဲ့ပြီး အဲဒီနောက်မှာတော့ ဒေါက်တာပက်တာဆန်ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ သူ့ကို လက်ဟန်သင်္ကေတပြ ဘာသာစကားပြော သင်ကြားပေးခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တချို့ သိပ္ပံပညာရှင်တွေကတော့ ဂေါ်ရီလာမျောက်ဝံတွေရဲ့ ဆက်သွယ်နိုင်မှု စွမ်းရည်အပေါ် သံသယဝင်နေခဲ့ကြပါတယ်။ ဂေါ်ရီလာမကြီး ကိုကိုကတော့ အံ့မခန်းစွမ်းရည်တွေကြောင့် ဖြစ်ရပ်မှန်အခြေပြု ရုပ်ရှင်တွေထဲမှာ ပါဝင်ရိုက်ကူးတာတွေ၊ မဂ္ဂဇင်းမျက်နှာဖုံးပုံမှာ ဖော်ပြခံရတာတွေအထိ အာရုံစူးစိုက်မှု ခံခဲ့ရတာပါ။ သူ့ရဲ့ ဘဝတလျှောက်လုံးနီးပါး ကယ်လီဖိုးနီးယားပြည်နယ်၊ ဂေါ်ရီလာဖောင်ဒေးရှင်းမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up