DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ မသမာမှု တိုင်သူများ ပြန်တရားစွဲခံရ
DVB
·
July 6, 2012
ရွေးကောက်ပွဲ မသမာမှု တိုင်သူများ ပြန်တရားစွဲခံရ
Donate to DVB

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မသမာမှု တိုင်ကြားချက်တွေ မထိရောက်ပေမယ့် တိုင်ကြားသူတွေကို တရားပြန်စွဲမှုတွေကိုတော့ ရုံးတင်စစ်ဆေးနေပါတယ်။

မြောင်းမြမှာ မဲရုံမှူးတွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ မသမာမှုတွေကို တိုင်တန်းရာမှာ တရားရုံးက အမှုမဖွင့်ပေမယ့် သူတို့ကို ပြန်စွဲတဲ့အမှုတွေကတော့ တရားရုံးကအမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ မြို့နယ် အန်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင် ရှေ့နေ ဒေါ်ခင်ဇင်ဦးက ပြောပါတယ်။

“ကျမတို့ဘက်က တင်တဲ့အမှု ၁၁ မှုက တရားရုံးကို တမှုမှ ရောက်မသွားဘူး။ ကျမတို့က ရဲကို ပထမသတင်းပေးတိုင်ချက် (FIR) အရင်ဆုံးဖွင့်တယ်။ ရဲက ပုဒ်မ မတပ်တတ်လို့​ ဥပဒေအကြံပေးကို​ ​တောင်းတယ်။ ​တောင်းတဲ့ မြို့နယ်အရာရှိက​  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှာ ပါနေတဲ့အတွက် သူက ရဲရဲ့ သက်သေထွက်ချက်တွေဟာ အမှုစွဲလို့ မမြောက်လို့ တရားရုံးကို တင်မပေးဘူး။ အဲ့တော့ ကျမတို့စွဲထားတဲ့အမှုတွေ တခုမှ တက်မလာတော့ သူတို့ဘက်က တရားခံတွေ တယောက်မှ မရှိဘူး။ ဟိုဘက်က ပြန်စွဲတဲ့ ၂ မှုမှာကျတော့ အမှုမြောက်တယ်ဆိုပြီး တင်ထားတယ်။”

အန်အယ်လ်ဒီတိုင်တဲ့အမှုတွေ တရားရုံးကို တမှုမှမရောက်ပေမယ့် မဲရုံမှူးတွေက အန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ်တွေကို မဲရုံနှောင့်ယှက်တယ်ဆိုပြီး တရားစွဲတာတွေကိုတော့ ရုံးက စစ်ဆေးနေတာပါ။

အန်အယ်လ်ဒီအမတ်ရဲ့ တိုင်ကြားချက်ကိုလည်း အချိန်ကျော်တယ်ဆိုပြီး အမှုအဖြစ်ကို ရောက်မလာဘူးလို့ ဒေါ်ခင်ဇင်ဦးက ပြောပါတယ်။

“မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ တင်ထားတဲ့အမှုကျတော့ ပြစ်မှုမြောက်တာ အင်မတန် ထင်ရှားပါတယ်တဲ့။ ဒါပေမယ့် ဘယ်ပုဒ်မ တပ်ရမှန်းမသိလို့ တိုင်းကို အကြံတောင်းတင်ထားပါတယ်တဲ့။ တင်ထားတာကလည်း ရက်ကျော်သွားလို့ အခု စွဲလို့ မရတော့ဘူးတဲ့။”

ပြန်လည်တရားစွဲခံရတဲ့ မြောင်းမြမြို့နယ် ကိုးလောင်းကျေးရွာအုပ်စု၊ ညောင်းချောင်းလေးကျေးရွာက မဲရုံအမှတ် ၁ အန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ဦးစိန်တိုးက “ကျနော်တို့တိုင်တဲ့အမှုက ဘာမှ ဖြစ်မလာဘူး။ ကျနော်တို့ နောက်မှ သူတို့က ၁၀ ရက်နေ့မှ တိုင်ပြီးတော့ ကျနော်တို့ အစစ်ခံနေရတယ်။ ကျနော်တို့က တရားခံပြန်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဦးစိန်တိုးကို ဒီနေ့ ရုံးထုတ်ခဲ့ပြီး လာမယ့် ၂၀ ရက်နေ့ ထပ်ချိန်းခဲ့ပါတယ်။ ဒီလိုဖြစ်နေတာဟာ တရားဥပဒေ တိမ်းစောင်းမှုဖြစ်တယ်လို့ အန်အယ်လ်ဒီ အောင်နိုင်ရေး တာဝန်ခံ ဦးမြင့်လွင်က ပြောပါတယ်။

“ကျနော်တို့လူတွေ ထောင်တွေကျမယ်။ ဒဏ်တွေဘာတွေ ထိသွားရင် နယ်မှာရှိတဲ့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ပါတီအပေါ်မှာပါ အထင်သေးလာမယ်။ ကိုယ့်ဘက်ကလည်း အမှန်တရားလုပ်တယ်။ ဘာမှအရာမရောက်ဘူး၊ ကိုယ့်လူတွေပဲ ဒုက္ခရောက်သွားမယ်ဆိုရင် ပါတီအတွက်ပါ မကောင်းဘူး။”

ဒီကိစ္စကို  အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေထံ တင်ပြထားတယ်လို့   ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013