မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ်အတွင်းက နေပူကုန်းနဲ့ စပ်ခင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန် ၃၀ က နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ ပဋိပက္ခဖြစ်ပွားခဲ့ကြတဲ့အတွက် လူ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဘက်ခိုက်ရန်ဖြစ်ပွားမှု အခြေအနေ ဆိုးရွားတဲ့အတွက် နေပြည်တော်က စစ်တပ်နဲ့ရဲတွေ လာရောက် လုံခြုံရေးယူပေးနေရတယ်လို့ ၀မ်းတွင်းဒေသခံတဦးက ပြောပါတယ်။
လုံခြုံရေးလာချထားတဲ့ တပ်တွေက ရွာနှစ်ရွာအကြား ညှိနှိုင်းပေးပေမယ့် အခုချိန်ထိ ပြေလည်မှု မရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
“အခြေအနေက သိပ်တော့ အေးအေးချမ်းချမ်း မရှိသေးဘူး။ လုံခြုံရေးတော့ချထားရတယ်။ နေပူကုန်းဘက်က ဆေးရုံထဲမှာ စစ်တပ်ကနေ နေပူကုန်းရွာဘက်ကို ထိန်းထားတယ်။ စပ်ခင်းဘက်မှာလည်း စမ်းချောင်းထဲမှာ လုံခြုံရေးချပြီးတော့ ထိန်းသိမ်းထားပြီးတော့ ရွာ ၂ ရွာက ခေါင်းဆောင်တွေနဲ့ ခေါ်ယူညှိနှိုင်းတဲ့အဆင့်တော့ ရောက်နေပြီ။ ဒီနေ့ထိတော့ ပြေလည်မှု မရသေးဘူး။ နေပြည်တော်က ချပေးတဲ့ စစ်တပ်အဖွဲ့ရယ်၊ တိုင်းရဲတပ်ဖွဲ့မှူးတွေပါတယ်။ ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာနဲ့ ရမည်းသင်း၊ ၄ ခရိုင်က ရဲတွေကတော့ အားလုံး လုံခြုံရေးယူပြီး နေ နေရတယ်။ လုံခြုံရေး အင်အား ၂၀၀ ကျော်မယ်။”
စပ်ခင်းနဲ့နေပူကုန်းကျေးရွာဟာ ရွာချင်းဆက်ဖြစ်ပြီး ၀မ်းတွင်းမြို့နယ်နဲ့ ၁၀ မိုင်အကွာမှာ ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက တွဲဖက်အထက်တန်းကျောင်းဝင်း မြေနေရာကနေ နေပူကုန်းရွာက လမ်းဖောက်ဖို့ ကြိုးစားရာမှ နှစ်ရွာ ပဋိပက္ခ ဖြစ်ခဲ့ကြတာလို့ ဒေသခံတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇွန် ၃၀ ရက်နေ့မှာတော့ နေပူကုန်းရွာက ကျောင်းဝင်းဖြတ်ပြီး လမ်းဖောက်ဖို့ မြေတိုင်းတုန်းမှာ စပ်ခင်းကျေးရွာက သွားရောက်တားယူတာကနေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိတဲ့ ရွာသား ၂၀ ကျော်ထဲက ၂ ဦးမှာ အခြေအနေ ဆိုးလာတဲ့အတွက် မန္တလေးမြို့ ပုဂ္ဂလိက ဆေးရုံတခုမှာတင်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ ဒါ့ပြင် ရွာနှစ်ရွာ အခင်းဖြစ်ပွားနေတဲ့အတွက် စာသင်ကျောင်းတွေနဲ့ တိုက်နယ်ဆေးခန်းတွေပါ ပိတ်ထားရတယ်လို့ နယ်ခံတွေက ပြောပါတယ်။











