ရွှေ့ပြောင်းနေထိုင်သူ မိဘနှင့် ကလေးများ ခွဲထားမည့်မူဝါဒ ထရမ့် ပြန်ရုပ်သိမ်း

ဓာတ်ပုံ - REUTERS/Jonathan Ernst
အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းတဲ့အခါ မိဘတွေနဲ့ သူတို့ရဲ့ကလေးတွေကို ခွဲပြီး ထိန်းသိမ်းမယ့်မူဝါဒကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်လာလို့ အဖမ်းခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဥပဒေကြောင်းအရ ရင်ဆိုင်ရတဲ့ ကာလတလျှောက်လုံး သူတို့တွေရဲ့ ကလေးတွေနဲ့အတူ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေက နယ်စပ်တွေဖွင့်စေချင်ပြီး လူတိုင်း နိုင်ငံထဲဝင်လာပါစေ၊ ဂရုမစိုက်ဘူး။ အရှေ့အလယ်ပိုင်းကပဲဝင်လာလာ၊ နေရာစုံကပဲလာလာ ဂရုမစိုက်ပါဘူး။ ကျနော်တို့ ဒီလို အဖြစ်မခံနိုင်ဘူး။ ဒီနေ့မှာ သမ္မတအမိန့်ကို ကျနော် လက်မှတ်ထိုးလိုက်ပြီ။ မိသားစုတွေကို အတူတူထိန်းသိမ်းမယ့်အမိန့်။ ဒါပေမယ့် နယ်စပ်တွေကိုတော့ တင်းကျပ်မြဲတိုင်း တင်းကျပ်သွားမယ်။ ကျနော်တို့ ရပ်ရွာထဲ၊ ကျောင်းထဲ၊ ဆေးရုံထဲ၊ အလုပ်ထဲ၊ ပြောရရင် ခင်ဗျားတို့လုံခြုံရေးအတွက်တောင် မထိန်းနိုင်မသိမ်းနိုင် ရွှေ့ပြောင်းတွေဝင်လာတဲ့ ရိုက်ခတ်မှုကို ဒီမိုကရက်တွေက ဂရုမစိုက်ပါဘူး။ "ဒီမိုကရက်တွေက ခင်ဗျားတို့ အမေရိကန်နိုင်ငံသားတွေထက် တရားမဝင် ရွှေ့ပြောင်းတွေကို ဦးစားပေးနေတယ်။ တရားမဝင် ရွှေ့ပြောင်းကိစ္စက ကျနော်တို့နိုင်ငံကို ဒေါ်လာသန်းထောင်ချီ ကုန်ကျစေတယ်။ ဒီတော့ ဒီငွေတွေကို ကိုယ့်နိုင်ငံထဲက မြို့တွေထဲ၊ ကျေးလက်ရပ်ရွာတွေထဲ၊ ကျောင်းတွေ၊ လမ်းတွေအတွက် သုံးလိုက်မယ်ဆိုပြီး စိတ်ကူးကြည့်လိုက်စမ်းပါလို့ သမ္မတ ထရမ့်က ပြောပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရ အရာရှိတွေဟာ ရွှေ့ပြောင်းမိသားစုတွေကို ခွဲထားမှု မြန်မြန်အဆုံးသတ်မလား၊ ဒါမှမဟုတ် မိသားစုတွေကို ဘယ်လိုပြန်ဆုံနိုင်အောင်နဲ့ ဘယ်တော့ပြန်ဆုံနိုင်အောင် လုပ်ပေးနိုင်မလဲဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up