၂၁ရာစုပင်လုံ ညီလာခံအတွက် မြောက်ပိုင်းအဖွဲ့များကို ဖိတ်ကြားရန် ဆွေးနွေးဦးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 21, 2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် တပ်ဖွဲ့ဝင်တွေ အားလုံးကို ဖိတ်ကြားဖို့ကိစ္စ ဆွေးနွေးရဦးမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲ အပြီးမှာ ၂၁ ရာစု ပင်လုံညီလာခံ တတိယ ကြိမ်အစည်းအဝေး ကျင်းပနိုင်ဖို့ အတွက် ဆွေးနွေးခဲ့ကြတဲ့အပေါ် အခုလို ပြောဆိုခဲ့တာပါ။
"အကြမ်းဖျင်းကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဘာတို့ ကျနော်တို့ အစိုးရဘက်က တင်ပြထားပြီးပြီ၊ နောက်တပ်မတော်ဘက်က အကြီးအကဲတွေ တက်ရောက်မှု အနေအထား ကျနော်တို့ မေးမြန်းထားတယ်။ အဲ့ဒါတွေ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ ပြေလည်တဲ့ရက် အဲ့ကာလအတွင်းတော့ ဖြစ်မယ်လို့တော့ ကျနော်တို့ မှန်းတယ်။ ဇူလိုင်လ ဒုတိယအပတ်မှာတော့ ၂၁ ပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်မယ်လို့တော့ မှန်းတယ်။ ရက်အတိအကျကတော့ လူကြီးတွေရဲ့ တက်ရောက်နိုင်မှုအပေါ် ပြန်ညှိဦးမယ်ပေါ့”လို့ နိုင်ငံတော် သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
နောက်လထဲ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ တတိယအကြိမ်အစည်းဝေးမှာ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ အားလုံးကို ဖိတ်ကြားနိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“အန်စီအေလက်မှတ် ရေးထိုးမထားတဲ့ အဖွဲ့တွေပေါ့နော်၊ကျနော်တို့ အရင်ဆွေးနွေးဘက် KNPP တို့တော့ ကျနော်တို့ ဖိတ်မှာဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ အစိုးရပိုင်းမှာ နည်းနည်းလေးပြန်ဆွေး နွေးရဦးမှာဖြစ်ပါတယ်။ မူလအတိုင်းတော့ ဖိတ်ကြားဖို့တော့မှန်းတယ်။ နှစ်ဦးနှစ်ဘက်သဘောထားတွေ ပြန်ညှိပီးတော့မှ ဖိတ်မှာဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA ၊ ADAA ၊ KIO ၊ SSPP ၊TNLA ၊ MNDAA၊ AA အဖွဲ့တွေ ကုန်လုံးကို ဖိတ်မယ် မဖိတ်မယ်ဆိုတာကလည်း ဆက်လက် ဆွေးနွေးရဦးမှာဖြစ်တယ်လို့လဲ သိရပါတယ်။