သန်လျင်ရေနံချက်စက်ရုံ ပိုက်လိုင်းက ၃ ရက်အတွင်း ရေနံဂါလန် ၃၀၀၀ ကျော်ခိုးယူခံရ

သန်လျင်ရေနံချက်စက်ရုံက ပို့လွှတ်တဲ့ ပိုက်လိုင်းကနေ ၃ ရက်အတွင်း ရေနံဂါလန် ၃၀၀၀ ကျော် ခိုးယူခံရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁၈ရက် နေ့လယ် ၁၁ နာရီအချိန်မှာ သာကေတမြို့နယ်၊ ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာန လုံခြုံရေးအဖွဲ့က ပိုက်လိုင်းကို စစ်ဆေးတုန်းတွေ့ရှိတာလို့ ဆိုပါတယ်။ ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာန ရေနံသိုလှောင်ကန်နဲ့ အမှတ် ၁ ရေနံချက်စက်ရုံ (သန်လျင်)ကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတလျှောက် လိုက်လံစစ်ဆေးရာမှာ သန်လျင် ရေနံချက်စက်ရုံ မောင်းတံဂိတ်အနား ရေအောက်မြုပ်နေတဲ့ ၁၄ လက်မ ဒီဇယ်ပိုက်လိုင်းရဲ့ အောက်ပိုင်းမှာ အဖွင့်အပိတ်ဘားတခု တပ်ထားတဲ့ အပေါက်တခုကို တွေ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရာမှာ ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ အမှတ် ၁ ရေနံချက် စက်ရုံ(သန်လျင်)က သာကေတ ပင်မရေနံဖြန့်ဖြူးရေးဌာနကို ဒီဇယ်ဂါလန် ၄၈၀,၀၀၀ ပို့လွှတ်ခဲ့ပေမယ့် ဂါလန် ၄၇၆,၈၀၀ ပဲရောက်ခဲ့တာကြောင့် ဂါလန် ၃၂၀၀ ခိုးယူခံရတာ ဖြစ်ပါတယ်။ သံပိုက်ကြီးကို အပေါက်ဖောက်တာ၊ ရေနံချက်စက်ရုံရဲ့ မောင်းတံဂိတ်နားမှာ ဖြစ်နေတာ၊ တရက်ကို ဂါလန် ၁၀၀၀ လောက်ကို ခိုးယူသယ်ဆောင်ရမှာတွေနဲ့ ပတ်သက်ပြီး သံသယ အချက်အလက်တွေကိုတော့ ပြည်ထဲရေး သတင်းမှာ မဖော်ပြထားပါဘူး။ ဒါနဲ့ ပတ်သက်ပြီး သန်လျင်မြို့မရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up