Home
သုံးသပျခကျြ
နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာ စဉ်းစားစရာများ (၁)
DVB
·
July 6, 2012
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေကို ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်လေ့လာ အကဲခတ်နေစဉ်မှာပဲ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပထမအဆင့်ပြီးစီးပြီဖြစ်လို့ ဒုတိယအဆင့်ကို စတင် ဆောင်ရွက်တော့မယ့်အကြောင်း သမ္မတရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာကို နိုင်ငံပိုင် မီဒီယာတွေကတဆင့် မြန်မာပြည်သူတွေ သိရှိခဲ့ရတယ်။ [caption id="attachment_27566" align="alignleft" width="220" caption="သမ္မတဦးသိန်းစိန်"][/caption] သမ္မတကြီးရဲ့ ထိုပြောကြားချက်ကို ကြားလိုက်ရတော့ ပြည်သူတယောက် အနေနဲ့ ၀မ်းသာကြိုဆိုသင့်တယ်လို့ ထင်မိတယ်။ ဒါပေမယ့် အကြောင်းအချက်တွေကို သေသေချာချာ ခြုံငုံသိမြင်မှုရှိမှသာ အမှန်တကယ် ၀မ်းသာစိတ် ဖြစ်ပေါ်လာမှာဖြစ်ပြီး ကြိုဆိုမှုဟာလည်း အဓိပ္ပါယ်ရှိမှာပါ။ ဒီလိုနဲ့ ကြိုဆိုရမယ့်အကြောင်းအချက်တွေကို စဉ်းစားကြည့်တဲ့အခါ အင်မတန်အရေးကြီးတဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစိုးရတရပ်အနေနဲ့ စတင်အကောင်အထည်မဖော်မီ ပြည်သူတွေကို ယခုလို မီဒီယာကတဆင့် မိမိအစိုးရအနေနဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ဆီ ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခြေပြမြေပုံ (Reform Roadmap) ဆိုပြီး သမ္မတဦးသိန်းစိန် ရှင်းမပြခဲ့ပါ။ ယခုလည်း ပထမအဆင့်ပြီးသွားလို့ ဒုတိယအဆင့်ကို စတင် အကောင်အထည် ဖော်မယ်လို့ ပြောကြားခဲ့မှ ပြုပြင်ပြောင်းလဲရေးဟာ အဆင့်တွေနဲ့သွားနေပါလား၊ ဒါဆို တတိယအဆင့် ရှိသေးလား၊ နောက် ဘယ်နှဆင့် ကျန်သေးလဲ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ အဲ့လိုပဲ အစိုးရက လက်ရှိ အကောင်အထည် ဖော်နေတဲ့ ပြုပြင်ပြောင်းလဲမှုဟာ အဆင့်ဘယ်နှဆင့်ရှိကြောင်း၊ မိမိသမ္မတ သက်တမ်းအတွင်း အဆင့်ဆင့် အကောင်အထည်ဖော်ဖို့အတွက် ကာလမည်မျှ သက်မှတ်ထားကြောင်း၊ တဆင့်ချင်းစီရဲ့ ရည်မှန်းချက်တွေက ဘာတွေဖြစ်ကြောင်း (အသေးစိတ် လုပ်ငန်းစဉ်များကို မဆိုလိုပါ) ပြည်သူကို ရှင်းလင်း အသိပေးမှုတွေ မရှိခဲ့ပါ။ ဒါဆို ပြုပြင်ပြောင်းလဲရေးရဲ့အစကို ပြန်လည်ခြေရာကောက်ရင် သမ္မတရာထူးကို လက်ခံရယူစဉ် လွှတ်တော်နှစ်ရပ်လုံးကို ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းကို ကောက်ယူရပေလိမ့်မယ်။ ဒါပေမယ့် ဒီလိုကျယ်ပြန့်ပြီး ယေဘုယျကျလွန်းတဲ့ သမ္မတတယောက်ရဲ့ မူဝါဒရေးရာ မိန့်ခွန်းကနေ သူဦးဆောင်တဲ့ အစိုးရသစ်က ဘာတွေလုပ်တော့မယ်ဆိုတာကို သာမန်ပြည်သူတွေ မပြောနဲ့ အမြင်ကျယ်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ မီဒီယာတွေတောင် တစွန်းတစ ကြိုတင်ခန့်မှန်း တွက်ဆနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ခန့်က စတင်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် သန်း ၆၀ ခန့်ရှိတဲ့ မြန်မာပြည်သူတွေနည်းတူ နိုင်ငံသားတယောက်အနေနဲ့ ပြောင်းလဲမှုတခု တွေ့ခဲ့ရတိုင်း ဟော… ပြောင်းသွားပြီဟ တကယ်ရောဟုတ်ရဲ့လားလို့ သို့လောသို့လောနဲ့ ဖြတ်သန်းလာခဲ့ရတယ်။ ဥပမာတခု ပြရရင် သမ္မတဦးသိန်းစိန်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ၂၀၁၁ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့ တွေ့ဆုံမှုဟာ သမိုင်းဝင် အပြောင်းအလဲတွေရဲ့ ခြေလှမ်းအစလို့ လူတော်တော်များများက ခံစားခဲ့မိပေမယ့် အဲ့ဒီတွေ့ဆုံမှုမှာ တိုင်းပြည်ရဲ့ အရေးအရာကိစ္စရပ်တွေ ဘာတွေဆွေးနွေးခဲ့တယ်၊ ဘာတွေသဘောတူခဲ့တယ်၊ ဘယ်အရာတွေမှာ ဆက်လက် ညှိနှိုင်းဖြေရှင်းဖို့ သဘောတူတယ် စသဖြင့် မြန်မာပြည်သူတွေ သိရှိခွင့် အခုအချိန်ထိ မရခဲ့ပါဘူး။ အခု သမ္မတကြီးက ပထမအဆင့်ပြီးသွားပြီဆိုတော့ ယောင်တောင်တောင်နဲ့ … အင်း … ဘာတွေ အောင်မြင်ခဲ့သလဲလို့ ပြန်မေးမိပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲမှုတခုဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က လွှတ်တော်အစည်းအဝေးတွေလို ကန့်ကွက်မဲမရှိ ထောက်ခံခဲ့သလို ၁၀၀% အပြည့်အ၀ အောင်မြင်ပါတယ်လို့ ပြောလို့မရတာတော့ သေချာပါတယ်။ ဒါဆိုရင် နဂိုမူလက ချမှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေး ပထမအဆင့် ရည်မှန်းချက်တွေ (benchmarks) က ဘယ်တွေလဲ။ အဲ့လိုပဲ ပထမအဆင့်ပြုပြင်ပြောင်းလဲရေးမှာ ဘယ်အရာတွေ ပြီးမြောက် အောင်မြင်ခဲ့ပြီလဲ။ ဥပမာ-နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေးကောက်ပွဲဝင်တာ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးတာ။ ဘယ်အရာတွေက ပြုပြင်ပြောင်းလဲရေးရဲ့ မူလအစီအစဉ်ထဲမပါဝင်ဘဲ အခြေအနေအရ ဆောင်ရွက်ခဲ့ရသလဲ။ ဥပမာ- မြစ်ဆုံဆည် တည်ဆောက်ရေး ရပ်ဆိုင်းတာနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တည်ဆောက်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အစီအစဉ် ဖျက်သိမ်းတာနဲ့၊ ဘယ် အရာတွေက မပြည့်မီသေးဘူးလဲ (ဥပမာ - ကချင်လွတ်မြောက်ရေးတပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ) ဆိုတဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့အခြေအနေကို သမ္မတအနေနဲ့ ပြည်သူတွေအပေါ် တာဝန်ခံတယ်ဆိုရင် ပြည့်ပြည့်စုံစုံ အနှစ်သာရရှိရှိ ရှင်းပြသင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေမှာ အောင်မြင်တာတွေရော၊ မအောင်မြင်သေးတာတွေရော၊ မအောင်မြင်ရတဲ့ အခက်အခဲတွေကိုပါ အပြည့်အ၀ခံစား နားလည်နိုင်မှာဖြစ်ပြီး ပြည်သူရဲ့ စာနာနားလည်မှုကို သမ္မတဦးသိန်းစိန် ပြန်လည်ရရှိမှာဖြစ်ပါတယ်။ သမ္မတတယောက်ရဲ့ အောင်မြင်မှုတင်မက ရင်ဆိုင်နေရတဲ့ အခက်အခဲကိုပါ ပြည်သူလူထုအနေနဲ့ သိရှိခွင့် ရှိရပါမယ်။ “သိရှိခွင့်” ဆိုတဲ့ ကိစ္စဟာ အစိုးရနဲ့ပြည်သူအကြား ဆက်ဆံရေးအတွက် ဘယ်လောက်အရေးကြီးပါသလဲ။ အင်္ဂလိပ်လို Right to Know လို့ ဘာသာပြန် နားလည်နိုင်တဲ့ “သိရှိခွင့်” ကို ပြည်သူလူထုမှာရှိရမယ့် အခွင့်အရေးတရပ်အဖြစ် အစိုးရနဲ့ နိုင်ငံရေးပါတီတွေ မည်မျှနားလည် လက်ခံထားပါသလဲ။ လူထုအခြေပြု လူ့အဖွဲ့အအစည်းတွေ၊ သတင်းမီဒီယာများနဲ့ အရေးကြီးဆုံး ဖြစ်တဲ့ ပြည်သူတရပ်လုံးကရော မည်မျှ နားလည်လက်ခံထားကြပါသလဲ။ နောက်တခါ “သိရှိခွင့်” တော့ ရပါရဲ့။ ဖြစ်စဉ်တခုရဲ့ ကနဦးအစမှာ သိရှိခွင့်မရဘဲ အဆုံးကြမှ အသိပေးတဲ့သဘောဖြစ်နေရင်၊ ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်နေရင် ဒီလိုလုပ်တာ အစီအစဉ် အမှား (Procedural Error) သာဖြစ်ပြီး ပြည်သူတွေရဲ့ Right to Know အနှစ်သာရ (Substance) ကို ခံစားခွင့်ရတယ်လို့ မဆိုနိုင်ပါဘူး။ ဒီကိစ္စကို အလေးအနက်ထား ဆွေးနွေးရတဲ့အကြောင်းက သမ္မတဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ၀န်းကြီး တချို့ရဲ့ ပြောကြားချက်တွေထဲမှာ “ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတတ်ရေး” (People-centered Development) ဆိုတဲ့ ဝေါဟာရကို သုံးစွဲလာကြလို့ ဖြစ်ပါတယ်။ ဒီလိုသုံးစွဲလာတာဟာ အရင် စစ်အုပ်ချုပ်ရေး ခေတ်နဲ့နှိုင်းယှဉ်ရင် အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အပြောင်းအလဲလို့ ရှုမြင်နိုင်ပေမယ့် အဲ့ဒီဝေါဟာရရဲ့ အဓိပ္ပာယ်အနှစ်သာရကို မှန်မှန်ကန်ကန် လက်ခံကျင့်သုံးနေပြီလားဆိုတာ စဉ်စားရမယ့်အချက် ဖြစ်ပါတယ်။ “ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး” ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေက ၎င်းတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နေပါတယ်ဆိုတဲ့ ခံစားမှုအသိ ပေးစွမ်းနိုင်အောင် သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ဒီထက်ပိုပြီးလုပ်နိုင်တာတွေ ရှိပါတယ်။ အဲ့ဒါကတော့ ပြည်သူတွေရဲ့ သိရှိခွင့် အခွင့်အရေးကို အစီအစဉ် မှန်မှန်နဲ့ အနှစ်သာရရှိရှိ ပိုမိုပေးစွမ်းဖို့ပဲ ဖြစ်ပါတယ်။ အဲ့သလို လုပ်နိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပြည်သူတွေ နှလုံးသားနဲ့ခံစားနားလည်နိုင်ပြီး လက်တွေ့ကျကျ လိုက်ပါနိုင်တဲ့အတွက် မုချအောင်မြင်မှာပါ။ အခုတော့ ပြည်သူတွေဟာ ပြောမှသိ အဆင့်သာ ရှိတဲ့အတွက် “သူတို့က အစိုးရပဲ သူ့အလုပ်သူလုပ်၊ ငါတို့လဲ ဒို့အလုပ်ဒို့လုပ်မယ်” ဆိုတဲ့ သဘောထားမယ်ဆိုရင် ပြောင်းလဲမှုဟာ ပြည်သူတွေကြားထဲ စီးဝင်မနေတဲ့ အုပ်ချုပ်သူ လူတန်းစားအလွှာထဲမှာပဲ ဖြစ်နေတဲ့ ပြောင်းလဲမှု ဖြစ်သွားပါလိမ့်မယ်။ ပြည်သူလူထုကို ဗဟိုပြုတဲ့ အစိုးရတရပ်က ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားတွေအပေါ် ကောင်းကျိုးဖြစ်စေ၊ (မရည်ရွယ်တဲ့) ဆိုးကျိုးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သက်ရောက်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကို ပြည်သူကို တိုက်ရိုက်မဟုတ်ရင်တောင်၊ ပြည်သူ့ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရှိနေပြီဖြစ်တဲ့အတွက် ၎င်းတို့ကို ချပြရှင်းလင်းပြီးမှ ၎င်းတို့ရဲ့ အမြင် သဘောထားတွေကို လက်ခံ နားထောင်တယ်ဆိုရင် ပြည်သူလူထု ဗဟိုပြု (People-centered) သဘော သက်ရောက်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်မယ်ဆိုရင် တနွယ်ငင်တစင်ပါ ဆိုသလို လွှတ်တော် ထောက်ခံမှုနဲ့လုပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ပြည်သူတွေနဲ့ နိုင်ငံတကာကပါ လိုလားတောင့်တနေတဲ့ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူအပေါ် အစိုးရက တာဝန်ခံမှု (Accountability) ကို လက်တွေ့ကျကျ မြင်တွေ့လာရမှာ ဖြစ်တဲ့အတွက် ထင်သာမြင်သာရှိမှု (Transparency) ပါ ရှိလာမှာဖြစ်ပါတယ်။ အခု ဆွေးနွေးနေတဲ့ကိစ္စမှာ နိုင်ငံတော်လုံခြုံရေးအတွက် ထိန်းသိမ်းအပ်တဲ့ ကိစ္စရပ်မျိုး မပါဝင်ပါ။ ဒီမိုကရေစီ နိုင်ငံတခုရဲ့ အနှစ်သာရက အစိုးရက ဘာလုပ်နေတယ်ဆိုတာကို ပြည်သူက သိရှိနေဖို့လိုပါတယ်။ တချို့ နိုင်ငံ ခေါင်းဆောင်ဆိုသူ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေဆိုရင် သူတို့ဘာလုပ်နေတယ်ဆိုတာကို အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းလိုမျိုးက တဆင့် လူထုနဲ့ဆက်သွယ် အသိပေးမှုတွေ လုပ်ကြလေ့ရှိတယ်။ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံမှာ အဲ့ဒီလို ဆက်သွယ်မှုမျိုး ၀န်ကြီးချုပ်နဲ့ ပြည်သူအကြားမှာ ထားရှိတယ်။ ကောင်းတဲ့နမူနာဆိုရင် ယူသင့်ပါတယ်။ ဒီနေရာမှာ မကြာသေးမီက ပေါ်ထွက်လာတဲ့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာဟာ အထက်ကပြောသလို သမ္မတနဲ့ ပြည်သူအကြား ဆက်သွယ်မှုကိရိယာ ဖြစ်နိုင်ပါသလား။ လောလောဆယ် အနေအထားအရ ထိုစာမျက်နှာဟာ အစိုးရသတင်းစာကို ပုံစံနောက်တမျိုးနဲ့ ပြောင်းဖတ်ရတဲ့ သဘောပါပဲလို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မရှိတာထက်စာရင် ဒီလိုတိုးတက်လာတာ ကြိုဆိုရမယ်လို့ မြင်သူတွေလည်း ရှိမှာပါ။ ဒီလိုလေ့လာ သုံးသပ်ကြည့်တာကိုပဲ တချို့က အခုလောက် အပြောင်းအလဲဖြစ်လာတာ တော်လှပါပြီ၊ ဒို့နိုင်ငံက အခုမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်ခါစရှိသေးတယ်၊ အခု ရေတွင်းတူး အခုရေကြည် သောက်ချင်ကြတာကိုး၊ အစိုးရ အပေါ် အကောင်းလေးဘာလေး ပြောကြမြင်ကြပါဦးလို့ ကာကွယ်ပြောဆိုသူတွေလည်း ရှိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း ပထမအဆင့် အပြောင်းအလဲတွေ စလုပ်ချိန်ကလို မဟုတ်တော့ပါဘူး။ အခုဆိုရင် ယုံကြည်မှု ပိုရှိလာတာတွေ့ရပြီး ဒုတိယအဆင့်မှာ ဘာတွေလုပ်မယ်ဆိုတာကို သူ့ဝန်ကြီးအဖွဲ့ကို ချပြခဲ့တယ်လေ။ အစိုးရ ရုပ်မြင်သံကြားကလည်း ထုတ်လွှင့်ခဲ့လို့ ပြည်သူတွေ ဒုတိယအဆင့်မှာ ဘာတွေလုပ်မယ်ဆိုတာ သိရပြီမဟုတ်လား။ တောင်းဆိုချက်တွေ သိပ်များလွန်းရင်လည်း ၂ နှစ်သားတောင် မပြည့်သေးတဲ့အစိုးရ နောက်ကြောင်း ပြန်လှည့်သွားမှဖြင့်လို့ စိုးရိမ်ပူပန်သူတွေ ရှိနိုင်ပါတယ်။ ထိုသူတွေကိုပြောချင်တာက မစိုးရိမ်ပါနဲ့။ ပြုပြင်ပြောင်းလဲမှုကို လုပ်ကိုလုပ်ဖို့ လိုအပ်နေပြီ၊ အချိန်ဆွဲဖို့ အချိန်မရှိတော့ဘူး ဆိုတာကို သမ္မတ ဦးသိန်းစိန်နဲ့တကွ အစိုးရသစ်တရပ်လုံး ကောင်းကောင်းသိရှိနေပုံရပြီး နောက်ကြောင်းပြန်လှည့်လို့မရ နိုင်တော့တဲ့ အခြေအနေတခုကို ရောက်နေပါပြီ။ ဒီလိုပြောရတာ ပြည်တွင်း နိုင်ငံရေးအရရော ဒေသတွင်း နိုင်ငံရေး အရရော နိုင်ငံတကာဆက်ဆံရေးအရရော အကြောင်းအချက်တွေ အများအပြားရှိနေပါတယ်။ ရှေ့တပတ်မှာ မြန်မာအစိုးရရဲ့ “ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတတ်ရေး” (People-centered Development) ဆိုတာ ဘယ်လိုဖွံ့ဖြိုးမှုလဲ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ဒီမိုကရေစီ ထွန်းကားရေးကို ဦးတည်တဲ့ ဖွံ့ဖြိုးရေး” (Democracy-friendly Development) နဲ့ ဘယ်လိုကွာခြားသလဲ ဆိုတာတွေကို ဆက်လက်ဆွေးနွေးပါ့မယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024