ထပ်ဆောင်းခွန် ကောက်ခံမည် အမေရိကန် ကုန်စည်စာရင်း တရုတ်ထုတ်ပြန်

တရုတ်အစိုးရဟာ ထပ်ဆောင်းခွန် ကောက်ခံမယ့် အမေရိကန် ကုန်စည်စာရင်းကို ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်က တရုတ်နိုင်ငံကနေ သွင်းလာတဲ့ ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် ကောက်ဖို့ ကြေညာအပြီး ခုလို တုံ့ပြန်လိုက်တာပါ။ အစိုးရ ကောင်စီရဲ့ အတည်ပြုချက်အရ အကောက်ခွန်ဌာန ထပ်ဆောင်းခွန် ကော်မရှင်က အမေရိကန်ထုတ်ကုန် ၆၅၉ မျိုးကို ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃၄ ဘီလျံဖိုးရှိတဲ့ စိုက်ပျိုးရေး ထုတ်ကုန်၊ ကားနဲ့ ရေထွက်ကုန်တွေ အပါအဝင် ထုတ်ကုန် ၅၄၅ မျိုးအပေါ် ထပ်ဆောင်းခွန် ကောက်ခံမှာဖြစ်ပြီး ၂၀၁၈ ဇွန် ၆ ရက်မှာ စတင် အာဏာတည်မယ်လို့ ကော်မရှင်ရဲ့ ကြေညာချက်က ဆိုပါတယ်။ ဓာတုထုတ်ကုန် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေပါတဲ့ ကျန်တဲ့ပစ္စည်း ၁၁၄ မျိုး အတွက် ထပ်ဆောင်းခွန် စကောက်မယ့်နေ့ကိုတော့ နောက်ပိုင်းမှာမှ ကြေညာမှာပါ။ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံခြားကုန်သွယ်မှု ဥပဒေရဲ့ သက်ဆိုင်ရာ ပိုဒ်ခွဲတွေ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် အခွန်စည်းမျဉ်းတွေနဲ့ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံစည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်လို့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်ဟာ ဒေါ်လာဘီလျံ ၅၀ ဖိုးရှိတဲ့ တရုတ်တင်သွင်းကုန်တွေအပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ဖို့ ဇွန် ၁၅ ရက်နေ့က ကြေညာခဲ့တာပါ။ အမေရိကန်ရဲ့ လုပ်ရပ်ကတော့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်၊ တရုတ်ဘက်က ဒါကို ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်တယ်လို့ ကြေညာချက်က ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up