Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၈ ခုတွင် ရေဘေးသင့် ၁၃၀၀၀ ကျော်ရှိ၊ ၇ ဦး သေဆုံး
DVB
·
June 16, 2018
ပြည်နယ်တိုင်း  ၈ ခုမှာ ရေဘေးသင့်သူပေါင်း ၁၃၀၀၀ ကျော်ရှိပြီး ရေဘေးအတွင်း သေဆုံးသူ ၇ ဦး ရှိသွားပြီလို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ ရေဘေးသင့်တာကို အဆိုးဝါးဆုံးခံစားနေရပြီး ရခိုင်ပြည်နယ်တခုတည်းမှာတင် ရေဘေးသင့်သူပေါင်း ၇၀၀၀ ကျော် ရှိပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ကျဝန်ထမ်းက “အဆိုးဆုံးက မကွေး၊ ပြီးတော့ ရခိုင်ရောပဲရှင့်။ ဘေးသင့်သူ ဦးရေက အခု လက်ရှိမှာ ၇၀၀၀ ကျော်နေတယ်ရှင့်” လို့ ပြောပါတယ်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်း၊ ကရင်နဲ့ ကယား စတဲ့ ပြည်နယ်တိုင်းတွေမှာ မိုးကြီးလို့ ရေကြီးနေတာဖြစ်ပြီး လမ်းတံတားနဲ့ လူနေအိမ်ခြေပျက်စီးမှုတွေလည်း ဖြစ်ပွားနေပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ဇွန် ၁၅ ရက်နေ့အထိ ပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ပြတ်တောက်နေမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေတာကြောင့် အဆက်အသွယ်မရရှိသေးတဲ့ မြေပုံမြို့နယ်၊ ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ ပိတ်ထားရတဲ့ ကျောင်းစာရင်းတွေကို ရဖို့ရှိဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ ဇွန် ၁၁ ရက်လောက်ကစပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအား အလွန်ကောင်းပြီး တပြည်လုံးအနှံ့ မိုးကြီးခဲ့ရာကနေ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024