ရန်ကုန်တိုင်းထဲရှိ ဖိနပ်စက်ရုံတရုံက လုပ်သားတွေဟာ လွန်ခဲ့တဲ့လပိုင်း ဆန္ဒပြပွဲမှာ လစာတိုးပေးဖို့ ပိုင်ရှင်က သဘောတူပြီးကာမှ လက်တွေ့မှာ မထူးခြားတဲ့အပေါ် ထပ်မံဆန္ဒ ထုတ်ဖော်ရာမှာ စက်ရုံပိုင်ရှင် က စက်ရုံပိတ်သိမ်းဖို့ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
လှိုင်သာယာမြို့နယ်က အာရှဖူဂျီ ခေါ် မြန်မာ ဒိုင်းမွန်းစတား ဖိနပ်စက်ရုံမှာ အရင်တလောက လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒီစက်ရုံက အလုပ်သမားတွေက တောင်းဆိုရာမှာ အလုပ်ရှင်ဘက်က အခြေခံလစာ ၅ သောင်းကျော်နဲ့ တခြား စည်းမျဉ်းတွေကို သဘောတူညီခဲ့တဲ့အတွက် ပြေလည်ခဲ့ပြီး ဆန္ဒပြတာတွေကို ရပ်တန့်ခဲ့ပေမယ့်လည်း အလုပ်ရှင်က လက်တွေ့မှာ ဘာတခုမှ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် အလုပ်သမားတွေက ထပ်မံတောင်းဆိုခဲ့ပါတယ်။
အဲဒီလို တောင်းဆိုတဲ့အတွက် အလုပ်ရှင်ကစက်ရုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့် စက်ရုံပိတ်ရင် သူတို့ ခံစားထိုက်တဲ့ အခွင့်အရေးပေးဖို့ အလုပ်သမားတွေက မနေ့က စတင်တောင်းဆိုခဲ့တယ်လို့ အလုပ်သမားရေး ကူညီသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။
“ဒီနေ့ အခြေအနေကတော့ အလုပ်သမားတွေဘက်ကနေပြီးတော့ စာချုပ် ချုပ်တုန်းကရှိနေတဲ့ အလုပ်သမားဦးစီးဌာနဆိုင်ရာ အဖွဲ့ကနေ အလုပ်သမား ဖြေရှင်းရေး ခုံရုံးကနေတဆင့် ဖြေရှင်းပေးဖို့၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲကို တင်ပြပေးဖို့ ပြင်နေကြတယ်။ အခြေအနေကတော့ ပိုင်ရှင်ကတော့ ပိတ်တာဖွင့်တာက သူလုပ်ပိုင်ခွင့်ရှိတဲ့ဟာလေ။ ဒါပေမယ့် ပိတ်လိုက်ပြီဆိုရင် ဘာလုပ်ပေးရမယ်ဆိုတာ လုပ်ငန်းရှင်တိုင်း လိုက်နာရမယ့် ဥပဒေအတိုင်း ၃ လစာ၊ ၅ လစာ တပေါင်းတစည်း အလုပ်သမားတွေကို နစ်နာကြေး ထုတ်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီလိုမျိုး မလုပ်ဘူးဆိုရင်တော့ အစိုးရပိုင်းနဲ့ ဖြစ်စေ၊ အလုပ်သမား ဆက်ဆံရေးပိုင်းနဲ့ပဲ ဖြစ်ဖြစ် ဖြေရှင်းရမယ့် အခက်အခဲတခု ဖြစ်သွားနိုင်တယ်။”
ပြီးခဲ့တဲ့လက အလုပ်သမားတွေ လုပ်ခလစာ တိုးမြင့်ရရှိဖို့အတွက်နဲ့ အခြေခံ အခွင့်အရေးတွေ ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။











