Home
မြန်မာသတင်း
တိုင်းရင်းသားရေးရာဝန်ကြီးများကို အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးရန် အဆိုတင်
အေးနိုင်
·
July 5, 2012
တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကို တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ အထူးဒေသ အစိုးရအဖွဲ့တွေမှာ အဆောင်အယောင်သာ မဟုတ်ဘဲ လုပ်ပိုင်ခွင့်ပါပေးအပ်ဖို့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ အဆိုတင်လိုက် ပါတယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီးမှာ အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးဖို့ တိုက်တွန်းတာ လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ [caption id="attachment_27539" align="alignright" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption] “တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ တိုင်းဒေသကြီးမှာ ရှိတဲ့ ၀န်ကြီးတွေနဲ့ လျော်ညီတယ် ဆိုပြီး ဆုံးဖြတ်ပါတယ်။ အဲဒါကြောင့် ၀န်ကြီးအဆင့် သတ်မှတ်ထားတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတို့ရဲ့ အဆောင်အယောင် နဲ့ လျော်ညီအောင် တာဝန်ပိုင်းကိုပေးဖို့ လိုအပ်တဲ့ ကိစ္စတွေ ရှိလာတာမို့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထဲမှာ ပါနိုင်အောင် ကျနော်တို့က တင်တာ ဖြစ်ပါတယ်။” ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ အမည်ခံထားပေမယ့် ကျန်ဝန်ကြီးတွေနဲ့ လစာမတူ အဆောင်အယောင်မတူ နှိမ့်ချခံထားရပြီး အစိုးရအဖွဲ့အစည်းအဝေးကိုလည်း တက်ခွင့်မရှိဖြစ်နေတာပါ။ ကနဦးပိုင်းက အဆောင်အယောင်ခံစားခွင့်ပါ မရေမရာဖြစ်ခဲ့သေးသလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအရောက်မှာ အဆောင်အယောင်တန်းတူ ခံစားစေလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေ မပြင်ဆင်ရသေးတာကြောင့် ခံစားခွင့်တော့ မရသေးပါဘူး။ အခုလွှတ်တော်မှာတော့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေဟာ အဆောင်အယောင်တင်မကပဲ ရာထူးအရပါ အစိုးရအဖွဲ့ဝင်အဖြစ် ထည့်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ နိုင်ငံတ၀န်းမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရှိပြီး ကျန် ပြည်နယ်နဲ့တိုင်း ၀န်ကြီးက လစာ ၄ သိန်းခွဲ၊ ကား ၂ စီးမှာ၊ သူတို့က ၃ သိန်းခွဲနဲ့ ကား ၁ စီးရကြပါတယ်။ ပြည်နယ်နဲ့တိုင်း ၀န်ကြီးက ကိုယ်ရေးအရာရှိ၊ တယ်လီဖုန်းနဲ့ အိမ် စတဲ့ အဆောင်အယောင်တွေရှိပြီး အစိုးရအဖွဲ့ အစည်းအဝေး တက်ခွင့်ရပေမယ့် တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကတော့ အဆောင်အယောင်လည်း မရသလို အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း တက်ခွင့်မရှိပါဘူး။ လက်ရှိမှာ ပြည်ထောင်စုအစိုးရ ဥပဒေပဲရှိပြီး တိုင်းနဲ့ ပြည်နယ်အစိုးရ ဥပဒေမရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024