ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်လျှင် နိုင်ငံခြားသားများနှင့် လိင်ဆက်ဆံနိုင်ဟု ရုရှားသမ္မတ ပြော

ဓာတ်ပုံ - TASS
ရုရှားအမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်မယ်ဆိုရင် လက်ရှိ နိုင်ငံတွင်းမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲလာ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားတွေနဲ့ လိင်ဆက်ဆံနိုင်တယ်လို့ သမ္မတပူတင်က ပြောလိုက်ပါတယ်။ ဒါဟာ ရုရှားပါလီမန်ကော်မတီခေါင်းဆောင် အမျိုးသမီးတဦးက နိုင်ငံစုံက လူမျိုးကွဲပေါင်းများစွာနဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ သတိပေးချက်အပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပီစကော့ဗ်က “နိုင်ငံအားလုံးက အချင်းချင်း လူမျိုးရေး ခွဲခြားမုန်းတီးမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိနေတာဟာ ကမ္ဘာ့ဖလားနဲ့ ဘာမှမဆက်စပ်ပါဘူး။ ရုရှားအမျိုးသမီးတွေအနေနဲ့ သူတို့ကိုယ်သူတို့ တာဝန်ယူ ထိန်းသိမ်းနိုင်ရင် သူတို့သဘောပါပဲ” လို့ သတင်းထောက်တွေကို ပြောလိုက်တာပါ။ အသက် ၇၀ အရွယ် ရှိနေပြီဖြစ်တဲ့ ရုရှားပါလီမန်ကော်မတီ ခေါင်းဆောင် အမျိုးသမီး တမ်မရာ ပလက်နီယိုဗာက နိုင်ငံခြားသား ဘောလုံးပရိသတ်တွေနဲ့ ခပ်ကင်းကင်းနေပြီး အမျိုးစောင့်ကြဖို့ ရုရှားအမျိုးသမီးထုကို အစောပိုင်းမှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ “ကျမတို့ဟာ ကိုယ့်သွေးရင်းသားရင်းဖြစ်တဲ့ ရင်သွေးတွေကိုပဲ မွေးရမယ်။ သွေးနှောတဲ့ ကပြားလေးတွေ မွေးလာရင် ဒီကလေးတွေပဲ ဒုက္ခခံစားရမှာဖြစ်ပြီး ဒီလိုမျိုးကို အရင် ဆိုဗီယက်ပြည်ထောင်စု ခေတ်ကတည်းက ကြုံခဲ့ရဖူးတယ်။ မိဘတွေက လူမျိုးတူရင် အကြောင်းမဟုတ်ဘူး။ လူမျိုးမတူရင် ပြဿနာရှိတယ်။ ကျမက အမျိုးသားရေးဝါဒီတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကပြားကလေးငယ်တွေ ခံစားရတာကို ကျမ ခံစားသိနိုင်တယ်လေ။” လက်ရှိမှာတော့ သူ့ရဲ့ ပြောကြားချက်က ရုရှားနိုင်ငံနဲ့ လူမျိုးတွေဟာ စိတ်သဘောထား ပြည့်ဝသူတွေ၊ ရင်းနှီးပျူငှာသူတွေ ဖြစ်တယ်ဆိုတာကို ပြသချင်တဲ့ အစိုးရကို အရှက်ရစေခဲ့သလို ဖြစ်နေခဲ့တာပါ။ အင်တာနက်စာမျက်နှာတွေပေါ်မှာတော့ ဒီအကြောင်းအရာဟာ အပြန်အလှန် မေးခွန်းထုတ် ပြောဆိုနေကြတဲ့ အကြောင်းအရာတခု ဖြစ်နေခဲ့ပါတယ်။ သမ္မတ ပူတင်ကတော့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အမှာစကားပြောချိန် လာရောက်ကြသူအားလုံး အနေနဲ့ ရုရှားနိုင်ငံတွင်း ရှိနေချိန်အတွင်းမှာ  ပျော်ရွှင်ချမ်းမြေ့စေလိုပြီး ရုရှားနိုင်ငံဟာ ပွင့်လင်းရင်းနှီးဖော်ရွေတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up