ရန်ကုန်-မန္တလေးအမြန်လမ်း၊ နေပြည်တော် မြို့ပတ်လမ်းတွေနဲ့ မလွတ်တဲ့ နယ်မြေတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ဖယ်ရှားဖျက်သိမ်းပေးဖို့ စည်ပင်သာယာက အကြောင်းကြားထားပါတယ်။
နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနက ဇူလိုင် ၅ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးဖို့ ဘုန်းကြီးကျောင်း ၃၀ ကို အကြောင်းကြားထားတယ်လို့ ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
နေပြည်တော် လမ်းဖောက်လုပ်ရေးစီမံကိန်းအရ လူနေအိမ်တွေကို ဖယ်ရှားခိုင်းခဲ့ပြီးနောက် ဘာသာရေးရှုထောင့်က ကြည့်ပြီး ချန်ထားခဲ့တဲ့ ဘုန်းကြီးကျောင်းတွေကို အခုလို ထပ်မံဖယ်ရှားခိုင်းတာလို့ ဆိုပါတယ်။
ဥတ္တရသီရိမြို့နယ် ကျေးရွာအုပ်စုတွေက ဘုန်းကြီးကျောင်း ၂၀ ကျော်နဲ့ ဒက္ခိဏသီရိမြို့နယ် ၃ ကျောင်း၊ ဇဗ္ဗူသီရိမြို့နယ် ၂ ကျောင်း ဖယ်ရှားပေးဖို့ သတိပေးထားတာဖြစ်ပါတယ်။
ဖယ်ရှားပေးခံရတဲ့ ဘုန်းကြီးကျောင်းတွေကို ဖျက်သိမ်းခ၊ လျော်ကြေးနဲ့ နေရာတွေ ပေးမယ်လို့ စည်ပင်က အကြောင်းကြားတယ်လို့ ဆိုပါတယ်။
“ဖျက်သိမ်းခကို ကျောင်းအခြေအနေကြည့်ပြီး ၂ သိန်း အများဆုံးပေးတယ်။ ၁ သိန်းလည်းပေးတယ်။ နေရာပြန်ချထားပေးမယ့် နေရာကိုတော့ မပြထားဘူး။ ပြောလည်း မပြောထားဘူး။”
ဖယ်ရှားခိုင်းခံခဲ့ရတဲ့ကျောင်းတွေထဲက တချို့ကျောင်းတွေဟာ သိန်း ၁၀၀ ကျော်၊ ၂၀၀ အကုန်ကျခံ ဆောက်ထားကြတာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းအတော်များများ မရွှေ့ပေးကြဘူးလို့ ဦးမင်းသူက ဆိုပါတယ်။
“တရားဝင်မရွှေ့ပေးဘူးလို့ အကြောင်းပြန်တာ ၅ ကျောင်းရှိတယ်။ ရွှေ့ပေးစရာလည်းမလိုဘူး၊ အကြောင်းပြန်စရာလည်း မလိုဘူးလို့ ထားထားတဲ့ကျောင်းက ၉ ကျောင်းရှိတယ်။ ကျန်တာက ဒက္ခိဏနယ်က ရက်ပိုင်းအတွင်းမှာ တည်ရှိခဲ့တဲ့ကျောင်းတွေကတော့ ဖျက်ပေးတယ်။ ဝါတော်များများရှိတဲ့ ကျောင်းထိုင်နဲ့ သံဃာတော်တွေ များများရှိတဲ့ ကျောင်းတွေကတော့ မရွှေ့ပေးဘူး။”
ဇူလိုင်လ ၃ ရက်နေ့ကတော့ ဥတ္တရသီရိမြို့နယ် စိုက်ကွင်း ၃ မှာရှိတဲ့ ရွှေနံ့သာရွာက ဘုန်းကြီးကျောင်း တကျောင်းကို စည်ပင်သာယာ ဖျက်တယ်လို့ ကြားသိရပေမယ့် ဒီဗွီဘီက အတည်ပြုချက် မပေးနိုင်သေးပါဘူး။











