A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ရုရှားက ဆော်ဒီကို ၅ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် အုပ်စု အေက အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေးဗျတို့ မနေ့ညက ယှဉ်ပြိုင်ရာ ရုရှားက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အခုနိုင်ပွဲဟာ ၁၉၃၄ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း အဖွင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းရဲ့ ဂိုးအပြတ်ဆုံး နိုင်ပွဲတပွဲ ဖြစ်လာပါတယ်။ ဆော်ဒီအာရေးဗျဟာ အိမ်ရှင် ပရိသတ်တွေရဲ့ ဖိအားအောက်မှာ ရုရှားအသင်းကို ယှဉ်မကစားနိုင်ဘဲ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။ ရုရှားအတွက် ပွဲချိန် ၁၂ မိနစ်မှာပဲ ကွင်းလယ်လူ ဂါဇင်စကီးက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ ရုရှားရဲ့ အဓိကတိုက်စစ်မှူး ဒီဇာဂေါ့ဗ် နာသွားတဲ့အတွက် ချီရီရှက်ဗ်နဲ့ လူစားလဲခဲ့ရပြီး အဲဒီ လူစားဝင်တိုက်စစ်မှူး ချီရီရှက်ဗ်ကလည်း ပွဲချိန် ၄၃ မိနစ်မှာ တဂိုး၊ ပွဲပြီးကာနီး နာကျင်အချိန်ပို ၁ မိနစ်မှာ တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဆော်ဒီအာရေးဗျအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးရယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အိမ်ရှင် ရုရှားက အသာရခဲ့ပါတယ်။ ဒီ့နောက် ရုရှားအတွက် ပွဲချိန် ၇၁ မိနစ်မှာ ဒီဇူဘာက တဂိုး၊ ပွဲပြီးကာနီး နာကျင်အချိန်ပို ၄ မိနစ်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဂိုလိုဗင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး တဂိုး ရယူပေးခဲ့ပါတယ်။ ရုရှားအတွက် အပိတ်ဂိုး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဂိုလိုဗင်ကို ဒီနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရုရှားဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၀ ရက်နေ့မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆော်ဒီကတော့ အဲဒီနေ့မှာပဲ ဥရုဂွေးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up