ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်မယ့် အနှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနားကို မကျင်းပဖို့ ဗကသခေါင်းဆောင်တွေကို အာဏာပိုင်တွေက ခေါ်ယူတားမြစ်နေပါတယ်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ ကျင်းပခွင့်ပြုလာပေမယ့် လာမယ့်ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်မယ့် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်ပွဲကိုတော့ သက်ဆိုင်ရာက ကျင်းပခွင့်မပေးဘဲ လိုက်လံတားမြစ်တာဖြစ်ပါတယ်။
မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်းနဲ့ တပ်ဖွဲ့ဝင်တွေက ဆဲဗင်းဇူလိုင် မကျင်းပဖို့ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ) ကို မနေ့ညက ခေါ်ယူသတိပေးခဲ့တာလို့ ဗကသအဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုရဲရင့်ကျော်က ပြောပါတယ်။
“ဆဲဗင်းဇူလိုင်ဆိုတဲ့ ရက်က တရားဝင်သတ်မှတ်ထားတဲ့ ရက်လည်း မဟုတ်ဘူး။ အခု ကျင်းပမယ့် အဖွဲ့အစည်းဆိုတာကလည်း တရားဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိသေးတဲ့အတွက် ဥပဒေအရ ငြိစွန်းနေတဲ့အကြောင်း ပြောတယ်။ အနာဟောင်းကို ပြန်ပေါ်ပြီးတော့ နာကြည်းစိတ်တွေ၊ ခံပြင်းစိတ်တွေ ပေါ်ပေါက်လာနိုင်တဲ့ပွဲမျိုးတွေ မလုပ်စေချင်ဘူး၊ မဖြစ်စေချင်ဘူးလို့ ကျနော်တို့ကို ပြောတယ်။”
“ကျနော်တို့က အနာဟောင်းကိုဆွနေတာ မဟုတ်ဘူး။ သမိုင်းမှာ ဒါတွေရှိခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ သိစေချင်တယ်။ ကျနော်တို့လုပ်နေတဲ့ ပွဲသည် ဆူပူဆန္ဒပြဖို့ လှုံ့ဆော်ဖို့ သွေးထိုးတဲ့ပွဲမဟုတ်ဘူး ဆိုတာကို နားလည်ပေးစေချင်တဲ့အကြောင်းကို ပြောတယ်။ ဒါပေမယ့် သူတို့က အသင်းအဖွဲ့တွေ ဥပဒေတွေနဲ့ ကိုင်ပေါက်ပြီးပဲ ပြောတယ်။”
အခုလို အာဏာပိုင်တွေက ဆဲဗင်း ဇူလိုင်ကို မကျင်းပဖို့ တားမြစ်ပေမယ့်လည်း သူတို့အဖွဲ့အနေနဲ့ ရရာနည်းလမ်းနဲ့ ကျင်းပသွားမယ်လို့ ပြောပါတယ်။
“အခုလို ဥပဒေကြောင်းအရ တားမြစ်ထားတဲ့အခါ ငါ့ညီတို့အနေနဲ့ ပြန်စဉ်းစားပေးစေလိုပါတယ်တဲ့။ တကယ်လို့ လုပ်မယ်ဆိုရင် ဥပဒေအရ နောက်ဆက်တွဲ မလိုလားအပ်တာတွေ ဖြစ်လာမှာစိုးတဲ့အတွက် စေတနာနဲ့ ခေါ်ယူသတိပေးတယ်လို့ သူက ပြောတယ်။ ကျနော်က ပြောတာက ၄၉ နှစ်မြောက်ဆိုရင်တော့ ကျနော်တို့ စဉ်းစားကောင်း ဦးမှာ။. အခုက ကျနော်တို့ သက်တမ်းမှာ ပြန်မရနိုင်တဲ့ နှစ် ၅၀ ပြည့်၊ ရွှေရတုဖြစ်နေတဲ့အတွက် ကျနော်တို့အနေနဲ့ ဆွမ်းတဆွမ်းပဲကပ်ရ ကပ်ရ၊ အခြေအနေပေါ်မှာ မူတည်ပြီး မဖြစ် ဖြစ်အောင်။ ပွဲကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ရအောင် ကျင်းပသွားမယ်လို့ ပြောခဲ့တယ်ဗျ။”
မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ခရိုင်အဆင့် အာဏာပိုင်တွေက မြို့နယ်ဗကသ ခေါင်းဆောင်တွေကို ခေါ်ယူပြီး မကျင်းပဖို့ တားမြစ်ခဲ့တယ်လို့ မြင်းခြံမြို့က ကျောင်းသားခေါင်းဆောင်တယောက်က ပြောပါတယ်။
“ကော်မတီအဖွဲ့ဝင် ၁၅၊ ၂၀ လောက်ကို ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်တွေ့တယ်။ ခရိုင်ရဲမှူးကြီးလည်း ပါတယ်။ တိုင်းဒေသကြီးက ခွင့်မပြုလို့၊ ရန်ကုန်၊ မန္တလေးတွေကလည်း ခွင့်မပြုလို့ မြင်းခြံမှာလည်း တားရတာပါဆိုပြီး ပြောတယ်။ ကော်မတီအဖွဲ့ဝင် ၁ ယောက်ကနေ ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် ဆွမ်းကျွေးအမျှပေးဝေတာကို ကျနော်တို့ ဘာသာရေးအရ ဆက်လုပ်မယ်လို့ ပြောခဲ့တယ်။”
လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဇူလိုင် ၇ ရက်နေ့ ကျင်းပမယ့် အခမ်းအနားမလုပ်ဖို့ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ခေါ်ယူ တားမြစ်ခဲ့သလို မုံရွာမြို့မှာလည်း တားမြစ်ခံရပါတယ်။
ဆဲဗင်းဇူလိုင် အခမ်းအနားမကျင်းပဖို့ အာဏာပိုင်တွေက တားမြစ်ထားပေမယ့်လည်း ဒီကနေ့ ကျောက်ဆည်မြို့မှာတော့ ဆဲဗင်းဇူလိုင် အခမ်းအနား အကြိုကျင်းပခဲ့တယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ၁၉၆၂ ခု ဇူလိုင် ၇ ရက်မှာ သမိုင်းဝင် ဗကသ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ကျောင်းသားထု သွေးမြေကျခဲ့ရတာကို အစွဲပြုပြီး ဆဲဗင်းဇူလိုင်အခမ်းအနားတွေကို နှစ်စဉ် ကျင်းပနေတာဖြစ်ပါတယ်။











