Home
ဆောင်းပါး
ကမ္ဘာတဝန်း မျှော်လင့်နေတဲ့ ထရမ့်နဲ့ ကင် ထိပ်သီးဆွေးနွေးပွဲ
DVB
·
June 13, 2018
ပြီးခဲ့တဲ့ မေလထဲတုန်းက ‘ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးရောင်ခြည် မှေးမှိန် ကွယ်ပျောက်တော့မလား’ ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးပြီး အစက မြောက်ကိုရီးယား ခေါင်းဆောင် ကင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချင်တဲ့အကြောင်း တောင်းဆိုတာကို သမ္မတထရမ့်က လက်ခံလိုက်တဲ့အတွက် နှစ်ဖက်နိုင်ငံတွေ တွေ့ဆုံဖို့ ရက်၊ နေရာ ရွေးကြ ပြင်ဆင်ကြ လုပ်ခဲ့ကြတာကို ကမ္ဘာတဝန်းက နိုင်ငံတကာအရေး စိတ်ဝင်စားသူတွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေက ဝမ်းပန်းတသာ ကြိုဆိုမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာမှမကြာခင်ဘဲ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်ဖို့ အမေရိကန်နိုင်ငံက ပြင်ဆင်တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပြီး ဒါဆိုရင် အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ကိစ္စကို ဖျက်သိမ်းရလိမ့်မယ်လို့ မြောက်ကိုရီးယားဘက်က ပြောဆိုလာပြီး မြောက်ကိုရီးယားနိုင်ငံက တဖက်သတ် နျူကလီးယားစမ်းသပ်မှု နျူလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားတာတွေ စွန့်လွှတ်ဖို့ တောင်းဆိုနေရင်လည်း ဆွေးနွေးပွဲကိစ္စကို ပြန်စဉ်းစားရလိမ့်မယ် စသဖြင့် ပြောဆိုလာသလို အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကို စိတ်ချလို့မရ၊ အချိန်မရွေး စိတ်ပြောင်းသွားနိုင်တယ် စသဖြင့် ပြန်လှန်ပြောဆိုခဲ့ပါတယ်။ အဲဒီအခြေအနေတွေကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ အမေရိကန်သမ္မတတို့ စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ တွေ့ဆုံဖို့ သဘောတူ လက်ခံထားတာဟာ ပျက်သွားတော့မယ့် အခြေအနေအထိ ဖြစ်ခဲ့တာကို ရေးသားတင်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ သံတမန်တွေရဲ့ ကြိုးပမ်းအားထုတ်မှု၊ ကာယကံရှင် ခေါင်းဆောင်နှစ်ဦးရဲ့ သဘောထား ပြောင်းလဲ ပျော့ပျောင်းလာမှုကြောင့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို သတ်မှတ်ထားတဲ့အတိုင်း တွေ့ဆုံနိုင်ခဲ့ကြပါပြီ။ တကယ်တော့ ဒီ အမေရိကန်၊ မြောက်ကိုရီးယား ထိပ်သီးခေါင်းဆောင်နှစ်ဦးရဲ့ အတင်းဇွတ်ဈေးဆစ်ပွဲဖြစ်တဲ့ ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေ ကြိုးစားခဲ့ကြတာဟာ မြောက်ကိုရီးယားနိုင်ငံက ဒီဆွေးနွေးပွဲမှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမယ်လို့ ဖွင့်ထုတ်ပြောဆိုခဲ့တဲ့အချိန် ဧပြီလကတည်းက ဖြစ်ပါတယ်။ အထက်မှာ ကျနော် တင်ပြခဲ့သလို ပျက်မလို ပျက်မလို ဖြစ်ခဲ့ပေမယ့် အခုတော့ ကြိုးစားအားထုတ်မှုတွေ အရာထင်လာခဲ့တဲ့အတွက် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါပြီ။ အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ဟာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းမှာရှိတဲ့ ကက်ပယ်လာဟိုတယ်မှာ စင်ကာပူ ဒေသစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီ၊ အမေရိကန်အရှေ့ပိုင်း စံတော်ချိန်အရတော့ တနင်္လာနေ့ ည ၉ နာရီမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲဝင်တာနဲ့ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြပြီး ခေါင်းဆောင်နှစ်ဦးတည်း စကားပြန်တွေနဲ့ တံခါးပိတ်ဆွေးနွေးမှု စတင်တာပါ။ နောက်ပိုင်းမှာမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျော့ပွန်ပီယိုနဲ့ အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီတို့ပါ ပါဝင် အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အိမ်ဖြူတော်က လျာထား သတ်မှတ်ထားတာကတော့ ၂ နာရီကြာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ထရမ့်နဲ့ ကင်တို့ ဆွေးနွေးပွဲဟာ တချို့အကဲခတ်တွေ စိုးရိမ်ခဲ့သလို သမ္မတ ထရမ့်က သူ့ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်မှု ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်ဆိုင်းစွန့်လွှတ်ဖို့ကိစ္စမှာ တကယ်ဆွေးနွေးကြတဲ့အခါ မြောက်ကိုရီးယားခေါင်းဆောင် ကင်က မဟုတ်တဲ့ ကတိစကားတွေနဲ့ သူ့ကို လှည့်စားကစားဖို့ ကြိုးစားလာရင် ဆွေးနွေးပွဲက ချက်ချင်း ထထွက်လာလေမလား ဆိုတဲ့ စိုးရိမ်ချက်ကတော့ မဖြစ်ခဲ့သလို မြောက်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ပွဲအပြီးမှာ သက်မချနိုင်ခဲ့တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။ အစီအစဉ်အတိုင်း တွေ့ဆုံကြ၊ နေ့လယ်စာစားရင်း စကားပြောကြအပြီးမှာတော့ အမေရိကန်သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ သူနဲ့ ကင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ လူတွေ မျှော်လင့်ထားခဲ့ကြတာထက် ပိုပြီး ကောင်းမွန်ခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်ပြီးတော့ သူနဲ့ ကင်တို့ဟာ တစုံတရာ လက်မှတ်ရေးထိုးဖို့အတွက် ပြောနေကြဆဲဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဘာကို လက်မှတ်ရေးထိုးမှာပါလဲလို့ မေးတဲ့ မေးခွန်းကိုတော့ ထရမ့်က “ကျနော်တို့ ၂ မိနစ်လောက်အတွင်း ကြေညာပေးပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ နေ့လယ်စာစားပွဲကို အမေရိကန် ပြန်ကြားရေးဝန်ကြီး ဆာရာဆင်းဒါးနဲ့ ကင်ရဲ့ညီမ ကင်ယိုဂျောင်တို့လည်း တက်ရောက်ခဲ့ပါတယ်။ အများမျှော်လင့်သလို ချက်ချင်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆောင်ရွက်ဖို့ အလားအလာကတော့ နျူကလီးယားလက်နက် လျှော့ချရေးထက် ပိုပြီး တင်းမာမှုတွေ မြင့်တက်လာနိုင်တယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။ တချို့ကတော့ အရင်လို ရန်လိုတဲ့ စမ်းသပ်ပစ်ခတ်မှုတွေ၊ ဒေါသတကြီး တုံ့ပြန်မှုတွေ ပြန်ဖြစ်မှာကို စိုးရိမ်မှု ပြန်ရှိလာကြပေမယ့် တခြားသူတွေကတော့ အဖြစ်နိုင်ဆုံး အလားအလာဟာ နှစ်နိုင်ငံကြား သတ်သတ်မှတ်မှတ် ကတိပေးတာမျိုးမရှိဘဲ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးညိနှိုင်းမှုကတော့ တိုးတက်ဖြစ်ထွန်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။ တကယ်တော့ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလမှာ ကြေညာခဲ့တဲ့ အချိန်ကတည်းက သမ္မတထရမ့်က မြောက်ကိုရီးယားက နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ကိစ္စကို သဘောတူညီလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် သိပ်မထားခဲ့တာကို သူ့အပြောတွေအရ သိသာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက သဘောတူညီချက် တစုံတရာ ရကောင်းမှ ရမယ်လို့ ပြောပါတယ်။ မတွေ့ဆုံခင် အချိန်အထိကိုပဲ သူက “ကျနော်တို့ တွေ့ဆုံကြမယ်။ တယောက်တယောက် မြင်တွေ့ကြမယ်။ တယောက်တယောက် သဘောကျရင်လည်း ကျလာနိုင်တယ်လို့ မျှော်လင့်ရတာပဲလေ။ အနည်းဆုံးတော့ ဆက်သွယ်မှု ရှိလာမယ်ပေါ့ဗျာ” လို့ ပြောခဲ့တာ တွေ့ရပါတယ်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဘားရက်အိုဘားမားတို့ရဲ့ အကြံပေးအရာရှိဟောင်းဖြစ်သူ ဂျင်းမ်းစတိန်းဘတ်ကတော့ “ပျော်စရာဆွေးနွေးပွဲပေါ့ဗျာ၊ နောက် အနည်းအကျဉ်းလောက်ပေါ့” လို့ ပြောကြားခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ တကယ်လို့သာ ခေါင်းဆောင်နှစ်ယောက်အနေနဲ့ နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့မယ် ဆိုရင်တော့ သူတို့ရဲ့ လက်ထောက်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုအသေးစိတ်ကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ညွှန်ကြားလာနိုင်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အဲဒါတွေကတော့ မြောက်ကိုရီးယားနိုင်ငံက ဘယ်အချိန်နဲ့ ဘယ်လို နျူကလီးယား လက်နက်တွေကို လျှော့ချ ဒါမှမဟုတ် ဖျက်သိမ်းပစ်မလဲ ဆိုတာနဲ့ အမေရိကန်ပြည်ထောင်စုက ဘယ်အချိန်မှာ ဘယ်လို လုံခြုံမှုနဲ့ ဖွံ့ဖြိုးပွားစည်းမှုတွေ မြောက်ကိုရီးယားအတွက် လုပ်ပေးမလဲ ဆိုတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတကတော့ သူနဲ့ ကင်တို့ဟာ မြောက်ကိုရီးယားက အလျင်အမြန် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ရှေးရှုမယ့်အကြောင်း အလုံးစုံ ခြုံငုံဆွေးနွေးမှု အချက်အလက် စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့်ကတော့ ခြုံငုံပြည့်စုံ သဘောတူညီချက်လို့ ခေါ်ပါတယ်။ တခါ ထရမ့်က သူဟာ ကင်နဲ့ အထူးစာချုပ်စာတမ်းတခုကို ဖော်ဆောင်ခဲ့ပါပြီလို့လည်း ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ဖိတ်ကြားမယ့်အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ ယေဘုယျ ဆွေးနွေးချက်တွေကို အသိအမှတ်ပြု လက်မှတ်ရေးထိုးတာလောက်ပဲ လုပ်နိုင်တဲ့ပွဲလို့ ပြောရင် မမှားလောက်ပါဘူး။ နှစ်နိုင်ငံအနေနဲ့ ဘယ်အချိန်မှာ ဘာကို ဘယ်လိုလုပ်မယ်ဆိုတဲ့ တိကျတဲ့ ကတိစကား သဘောတူညီမှုမျိုးလည်း ရရှိခဲ့တာ မရှိပါဘူး။ လေ့လာသူတချို့ကတော့ သမ္မတ ထရမ့်က မြောက်ကိုရီးယားကို နိုင်ငံရေး ချိတ်ဆက် ဆောင်ရွက်ရာမှာ မြောက်ကိုရီးယားရဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေးနဲ့ နျူကလီးယား အစီအစဉ်ကို ဆိုင်ငံ့ထားဖို့ဆိုတဲ့ လိုက်လျောမှုကို ရရှိခဲ့ပေမယ့် သံတမန် ဆက်ဆံရေးဆိုတာက ဝါဒဖြန့်စစ်ပွဲတရပ်သာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ ကင်က သူ့ရဲ့ အတွေးအမြင်ကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အတွေ့အကြုံနဲ့ ပညာသားပါမှုကို ကောင်းကောင်း သက်သေပြသွားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်က အနိုင်ရရှိသွားတယ်လို့ သုံးသပ်ခဲ့ကြတာ တွေ့ရပါတယ်။     ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024