Home
မေးမြန်းခန်း
လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လို
ပီတာအောင်
·
July 4, 2012
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ လွှတ်တော်ပြင်ပမှာ ရောက်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် က  တိုက်တွန်းလိုက်ပါတယ်။ ဇူလိုင် ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယကဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်အောင်မြင့် နဲ့ သွားရောက် တွေ့ဆုံရာမှာ  ပြောကြားလိုက်တာဖြစ်ပြီး  ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးထွန်းအောင်ကျော် ကို  ဆက်သွယ် မေးမြန်းထားပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အန်ကယ် တွေ့ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါ။ “အန်ကယ်တို့ နိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ အချိန်၊ ဒီအချိန်မှာ လွှတ်တော်တွင်းက နိုင်ငံရေးပါတီများနဲ့သာမကဘူး။ လွှတ်တော်တွင်း လွှတ်တော်ပြင်ပက နိုင်ငံရေးပါတီများနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ အန်ကယ်က ဒီလိုမြင်ပါတယ်။ ဒါကြောင့် တွေ့ဆုံဖို့အတွက် အန်ကယ်ကိုယ်တိုင်ပဲ တင်ပြပြီး သွားတွေ့ပါတယ်။” တွေ့တဲ့အခါမှာ အဓိက ဘာတွေများ ဆွေးနွေးဖြစ်ကြလဲ။ “အဓိက အချက် ၃ ချက်ပါ။ နံပါတ် ၁ က ဒီကနေ့ နိုင်ငံတော်မှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ လုပ်လာတယ်။ ဒါပေမယ့် အောက်ခြေ ကျေးလက်ဒေသတွေ အောက်ခြေ လူတန်းစားတွေဆီမှာ ပြုပြင်ပြောင်းလဲမှုဟာ နှေးကွေးနေသေးပါတယ်လို့ အဓိက ပြောပါတယ်။ နောက် ၂ ချက်က နိုင်ငံတကာမှာ နိုင်ငံကြီးတွေဟာ ဟိုးစစ်အေးတိုက်ပွဲတွေတုန်းကဆိုရင် အယူဝါဒရေး ဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်ခဲ့တယ်။ ဒီဘက်ခေတ်တွေမှာ အမျိုးသားဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတယ်။ ဥပမာ တရုတ်နဲ့ ဂျပန်။ အမေရိကန်၊ အီးယူ။ တချို့ပညာရှင်တွေက ဘာပြောလဲဆိုတော့ အမျိုးသားရေးပြိုင်ဆိုင်မှုတွေ ဖြစ်တဲ့အတွက် ထိလွယ်ရှလွယ် အင်မတန်မှ အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်။ အန်ကယ်ကတော့ အဲ့လို မမြင်ပါဘူး။ အဲ့လို အမျိုးသားရေးပြိုင်ဆိုင်မှုတွေ လုပ်လာတဲ့အခါမှာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်လာတဲ့အခါမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ အမြင်ဟာ တဖက်က ရှိနေတဲ့အတွက်ကြောင့် ထိလွယ်ရှလွယ်မဖြစ်နိုင်ဘူး။ ဒါကြောင့် အမျိုးသားရေးပြိုင်ဆိုင်မှု ရှိသည် မရှိသည်ဖြစ်စေ၊ မြန်မာနိုင်ငံဟာ ပိုပြီးလွတ်လွတ်လပ်လပ်လုပ်သင့်တယ်။ ဒီလိုလုပ်တဲ့အခါမှာ နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာကြားထဲမှာ မြေဇာပင်မဖြစ်ဖို့အတွက် အမျိုးသားရေးစည်း လုံခြုံဖို့လိုပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ဦးတည်ပြီး ကြိုးပမ်းသင့်တယ်။ ဒါကို အန်ကယ် တင်ပြပါတယ်။” “နောက်ဆုံး တချက်ကတော့ အခု လက်ရှိအစိုးရဟာ လက်ရှိအချိန်မှာ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင်မှ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အတွက်ကြောင့် ဥပဒေတွင်းမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့သာ မကပါဘူး။ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ပါ များများ အားကောင်းမောင်းသန် ဖြစ်အောင်လုပ်ပြီး အဲ့အဖွဲ့အစည်းတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှသာလျှင် အန်ကယ်တို့ နိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ပိုပြီး ထိရောက်မြန်ဆန်မယ်။ ဒီ ၃ ခုကို အဓိက တင်ပြပါတယ်။” အဲဒီလိုမျိုးတင်ပြတဲ့အခါမှာ လွှတ်တော် ဥက္ကဋ္ဌဘက်ကရော ဘယ်လိုများ ဘာတွေများ ပြောတာရှိလဲ။ “လွှတ်တော်ဥက္ကဋ္ဌဘက်ကတော့  သူတို့ဆောင်ရွက်နေတဲ့ အနေအထားတွေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ်ကို အပြန်အလှန် ထိန်းကျောင်းတယ်ဆိုတဲ့နေရာမှာ အလွန့်အကျွံ မဟုတ်ဘဲ ထိန်းကျောင်းပြီး သူတို့ဘက်က ဆောင်ရွက်နေပါတယ်။ တတ်နိုင်သလောက်လည်း လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့သာမက လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီနဲ့လည်း သူတို့ အမြဲတမ်းပူးပေါင်းဆောင်ရွက်ပြီးသွားပါမယ် ဆိုတာ ပြောပါတယ်။ အန်ကယ်က ပြောပြတယ်။ ဟိုတနေ့က ပြည်ထောင်စုဝန်ကြီးတွေက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတခုမှာ တူတူဆွေးနွေးတယ်ဆိုတာကို ဂျာနယ်မှာ ဖတ်ရတယ်။ ဒါကိုလည်း အန်ကယ်တို့ ၀မ်းသာပါတယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကို ပိုချဲ့ထွင်လာတယ်လို့ မြင်ပါတယ်လို့ ပြောလိုက်ပါတယ်။” ဒီလို တွေ့ဆုံဆွေးနွေးမှုတွေ အပြီးမှာ နောက်မှာ နောက်ဆိုရင် လွှတ်တော်ပြင်ပ ရောက်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ပိုပြီး ရှိလာနိုင်မယ်လို့ ထင်လား ဗျ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပိုပြီး နေရာရလာနိုင်မယ်လို့ ထင်ပါလား။ ဘယ်လိုမျိုး သုံးသပ်ပါလဲ။ “အန်ကယ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ အချက် ၂ ချက်ပေါ့။ တချက်က မြန်မာနိုင်ငံဟာ တခြားသော နိုင်ငံတွေလို လူ့အခွင့်အရေး ဒီမိုကရေစီ အရေးတွေကို တားမြစ်ပိတ်ပင်ထားမယ်ဆိုရင် ပို ခေတ်နောက်ပြန် ဆုတ်သွားမယ်။ နံပတ် ၂ က လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ပိုမိုပွင့်လင်းတဲ့ တည်ဆောက်မှုတွေ လုပ်ဆောင်မှသာ ရှေ့ကို တက်လှမ်းနိုင်မယ်ဆိုတဲ့ အခြေအနေက ရှိနေတာကို။ ဒါကြောင့်မို့ ကျနော့်အမြင်ကတော့ တစတစ ပိုပိုပြီး လွှတ်တော်ပြင်ပ ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကောင်းလာလိမ့်မယ်။ လူထုအခြေပြုတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းအောင် ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” နောက်တခုက လွှတ်တော်အစည်းအဝေးတွေလည်း ပြန်စနေပြီ။ အန်ကယ်လ်တို့ပါတီက လွှတ်တော်တက်ခွင့်မရသေးဘူး။ တကယ်လို့ တက်ခွင့်ရမယ် ဆိုရင် ဘယ်လိုမျိုး အရေးတွေကို အဓိကထားပြီး လုပ်သွားဖို့ ရှိလဲဗျ။ “အန်ကယ်တို့ လွှတ်တော်တက်ခွင့်ရရင် နံပတ် ၁ ခေတ်နဲ့မညီတဲ့ ဥပဒေတွေကို ပြင်ဖို့၊ အဓိကထား ကြိုးစားမှာပါ။ နံပတ် ၂ က လက်ရှိ အစိုးရ အဖွဲ့အစည်း အပြောင်းအလဲတွေ၊ တရားရေးဌာနတွေမှာ အပြောင်းအလဲ လုပ်ဖို့ ကျန်နေတာတွေကို ဦးစားပေးမှာပါ။ နောက်ပြီး မြေယာမူဝါဒ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေကို အဓိကထားပြီး ဆောင်ရွက်သွားမှာပါ။” မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲဟာ နောက်ပြန်မလှည့်တော့ဘူးလို့ အန်ကယ်တို့အနေနဲ့ ယုံကြည်မှု ရှိပါသလားဗျ။ “အန်ကယ် ဒီနေရာမှာ တခု ပြောချင်ပါတယ်။ အန်ကယ်တို့လည်း အရင်က ပါတီစုံ အစည်းအဝေးတွေ ပြောဖူးပါတယ်။ ထိုင်းနိုင်ငံဆိုရင် ဒီမိုကရေစီ ထုံးတမ်းစဉ်လာရှိတဲ့ နိုင်ငံပဲလို့ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ၁၉ ကြိမ်တိတိ အာဏာသိမ်းတယ်။ ဘာကြောင့်သိမ်းတာလဲ။ လူ့အဖွဲ့အစည်းထဲမှာ ရိုင်းစိုင်း ကြမ်းတမ်းလာရင် အမိန့်အာဏာတွေ ကွပ်မျက်ပြီး အုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးတွေ ပိုတတ်တယ်။ အဲဒီလို မပိုအောင် အစိုးရမှာရော နိုင်ငံရေးပါတီ အသီးသီးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီလို မဖြစ်အောင်၊ နောက်ပြန်မလည်အောင် နိုင်ငံရေးပါတီအသီးသီးနဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ပဲ သုံးသပ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024