ဖမ်းဆီးခံရွာသားကို သွားရောက်အာမခံတဲ့ ရွာသူကြီး ရိုက်နှက်ခံရ
နော်နိုရင်း
·
July 4, 2012
ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆန်းမြို့နယ်ထဲက အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယိခုရွာကို အစိုးရစစ်ကြောင်း ၃ ခု ဖြစ်တဲ့ ခမရ ၁၀၉၊ ခမရ ၁၂၃၊ ခလရ ၄၅ စစ်ကြောင်းတွေ ရောက်ရှိလာပြီး ရွာသား ၂၆ ဦးကို ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။
ဒီရွာသား ၂၆ ဦးကို ပန်ဆန်းမြို့ဆီကို ခေါ်ဆောင်သွားပြီး ကေအိုင်အေ စစ်သား ဟုတ်မဟုတ် စစ်ဆေးမေးခဲ့ပါတယ်။ ယိခု ရွာသူကြီး ဦးမာကာကတော့ ဒီလူတွေဟာသူတို့ ရွာသားတွေဖြစ်ကြောင်း သွားရောက် အာမခံရာမှာ ၂၃ ဦးကို လွှတ်ပေးခဲ့ပါတယ်။
ကျန် ၃ ဦးကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် ရွာသူကြီးက နောက်ထပ်တခေါက် သွားရောက်အာမခံရာမှာ ရိုက်နှက်ခံခဲ့ရတာလို့ ရွာသူကြီး ဦးမာကားက ဒီဗွီဘီကို ပြောပါတယ်။
ခေါင်းမှာ ရိုက်ခံထားရပြီး သွေးထွက်နေတဲ့အတွက် လက်ရှိ ရွာမှာ ဆေးကုသနေရတယ်လို့ သူက ပြောပါတယ်။ အခု ကျန်နေသေးတဲ့ ရွာသား ၃ ဦး အခုချိန်ထိ မလွတ်မြောက်လာသေးပေ မယ့် ပြန်လွှတ်ပေးတဲ့ ၂၃ ယောက်ကိုတော့ တပ်က တဦးကို ကျပ်ငွေ ၅၀၀ စီပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးမာကားက ဆက်ပြောပါတယ်။
လက်ရှိ ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အကြား ငြိမ်းချမ်းရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ရှိနေပေမယ့် အောက်ခြေမှာတော့ အစိုးရတပ်က ထိုးစစ်ဆင် တာတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။