ဝါရင့်သရုပ်ဆောင်များစွာဖြင့် ပုံဖော်ရိုက်ကူးထားသည့် စိန်ယောက်မ ဟာသရုပ်ရှင်(နမူနာ)
DVB
·
June 12, 2018
နာမည်ကြီး ဝါရင့်သရုပ်ဆောင်ပေါင်းများစွာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ မြန်မာဟာသ ရုပ်ရှင်ကား ‘စိန်ယောက်မ’ကို လာမယ့် ဇွန်လ ၁၅ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တာဖြစ်ပြီး နတ်ရဲ(ရူပဗေဒ)ရဲ့ ဝတ္ထုကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
မောင်ကို အရမ်းချစ်ကြတဲ့ အစ်မ အပျိုကြီးနှစ်ယောက်က မောင်ဖြစ်သူ မိန်းမရသွားမှာကို စိုးရိမ်ပြီး မောင်ဖြစ်သူရဲ့ ချစ်သူမိန်းကလေးကို အမျိုးမျိုး ဖန်တီးပညာပြ နှောင့်ယှက်တာတွေ၊ မိန်းမရသွားပြီးတဲ့နောက်မှာလည်း ယောက်မဖြစ်တဲ့သူကို စိတ်ပျက် စိတ်ကုန်သွားအောင် ဆက်ပြီး နှောင့်ယှက်ကြချိန်မှာ ယောက်မဖြစ်သူကလည်း သူတို့ကို ပြန်ပြီး ပညာပြကြတာတွေကို ရယ်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်းတို့နဲ့အတူ မင်းသမီး မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာနဲ့ ခိုင်သင်းကြည်တို့က အတွဲညီညီ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။