DVB Logo
Home
မြန်မာသတင်း
စစ်သုံ့ပန်းတွေ ကေအိုင်အေ ထိန်းသိမ်းထား
DVB
·
July 4, 2012
စစ်သုံ့ပန်းတွေ ကေအိုင်အေ ထိန်းသိမ်းထား
Donate to DVB

မြန်မာအစိုးရ တပ်မတော်နဲ့ တနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကာလအတွင်း  အစိုးရတပ်ဖွဲ့ဝင်  စစ်သုံ့ပန်းနဲ့တပ်ပြေး စုစုပေါင်း ဦးရေ ၃၀ ကျော်လောက်ကို  ထိန်းသိမ်းထားတယ်လို့ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်က  ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကေအိုင်အေက ထိန်းသိမ်းထားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ကြပ်ကြီး အဆင့်နဲ့ ရဲဘော်တပ်သား အဆင့်တွေ ပါဝင်ပြီး ကေအိုင်အေအနေနဲ့ ဒီစစ်သုံ့ပန်းတွေပေါ်မှာ နိုင်ငံတကာစံနှုန်းနဲ့ အညီ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ အကြောင်း ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ  ဦးလနန်းက ဒီဗွီဘီ ကို ပြောပါတယ်။

[caption id="attachment_16611" align="alignleft" width="284" caption="ကေအိုင်အေ စစ်သားများ"][/caption]

“ဘယ်လိုနည်းနဲ့ပဲရောက် လာ ရောက်လာ၊ ကျနော်တို့ဘက် ကို ရောက်လာတဲ့ ရန်သူရဲ့ တပ်ဖွဲ့တွေကို ကျနော်တို့ဟာ လူသားချင်းဆန်စွာ ပြုမူ ဆက်ဆံတယ်။ သူတို့ရဲ့ စားရေးသောက်ရေး၊ ကျန်းမာရေးက အစ ဖြည့်ဆည်းပေးတာကအစ လုပ်ပေးတယ်။ တချို့ရဲဘော်တွေဆိုရင် စရောက်ခါစက ပိန်ချုံးပြီးမှ အရိုးပေါ်အရေတင် တပ်ပြေးတွေလည်း အများကြီး ရောက်လာကြတယ်။ ကျန်းမာရေး စစ်ဆေးပေးတာ မျိုး၊ အစားအသောက်တွေ အ၀တ်အစားတွေ ကောင်းကောင်းမွန်မွန် လုပ်ပေးတာမျိုး လုပ်တဲ့အခါမှာ အခု အားလုံးက ကျန်းကျန်းမာမာပဲဗျ။”

ဒီစစ်သုံ့ပန်းတွေကို သူတို့ရဲ့ ဆန္ဒသဘောထားအပေါ် မူတည်ပြီး နေရပ်ပြန်ပို့ သွားမှာဖြစ်ပြီး မြန်မာ စစ်သားတချို့က အပြစ်ပေးခံရမှာစိုးလို့ မိခင်တပ်ရင်းတွေဆီကို မပြန်လိုကြတဲ့အကြောင်း၊ ဒီစစ်သုံ့ပန်းတွေနဲ့ တပ်ပြေးတွေ  မိသားစုတွေဆီ ဘေးကင်း လုံခြုံစွာ ပြန်ပို့နိုင်ရေး အတွက် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ဦးအောင်မင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လက အလွတ်သဘော တွေ့ဆုံရာမှာ ညှိနှိုင်းပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

အလားတူ ကေအိုင်အေတပ်သားတချို့ဟာလည်း မြန်မာအစိုးရတပ်ရဲ့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ကေအိုင်အေက ပြောပေမယ့် အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာကိုတော့  စာရင်းကောက်နေဆဲပဲလို့ ဆိုပါတယ်။

မြန်မာအစိုးရတပ်တွေဟာ ကေအိုင်အေတပ်သားတွေကို ဖမ်းမိရင် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိတယ်လို့ ဦးလနန်းက ဆက်ပြောပြပါတယ်။

“မေလအတွင်းမှာ ကျနော်တို့ရဲ့ ရဲဘော် ၇ ဦးကို ပန်ဝါဘက်မှာ တိုက်ပွဲအတွင်းမှာပဲ ၀ိုင်းပြီးတော့ ဖမ်းတယ်။ ကျနော်တို့ ရဲဘော်တွေက လက်နက်ချ အညံ့ခံလိုက်တယ်။ ၆ ဦးကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ ၁ ဦးကိုပဲ အရှင်ဖမ်းပြီး မြစ်ကြီးနားမြို့ကို ပို့တာမျိုး လုပ်တယ်။ နောက်တခုက ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာ ဒေသမှာ တပ်မဟာ ၄ က ရဲဘော်တယောက် အဖမ်းခံရတယ်၊ ဖမ်းပြီးတော့ နှိပ်စက်တယ်၊ နောက်ဆုံးကျ ဓားမြှောင်နဲ့ နှာခေါင်းမှာ အပေါက်ဖောက်ပြီး နံဖာကြိုးတပ်ပြီး ရွာထဲမှာ လှည့်ပြီးဆွဲသွားတာ ရှိတယ်။ ဒါမျိုး ဖြစ်စဉ်တွေဟာ တခု နှစ်ခုပဲရှိတာ မဟုတ်ဘူး။ အများကြီး ရှိပါတယ်။”

ကေအိုင်အေတပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကတော့ ကချင်ပြည်နယ် နေရာ အနှံ့အပြားမှာ နေ့စဉ်လိုလို  ဆက်လက် ဖြစ်ပွားနေပြီး တဖက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။

အခု ဇူလိုင်လထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ကေအိုင်အေ ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး   အစိုးရဘက်က ဗန်းမော်မြို့နယ်ထဲမှာ တွေ့ဆုံဖို့ ကမ်းလှမ်းထားပေမယ့် အဲဒီဒေသမှာ  ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိနေတဲ့အတွက် ကေအိုင်အေဘက်က မဖြစ်နိုင်ကြောင်း အကြောင်းပြန်ထားပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကေအိုင်အေဟာ  ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင် တဲ့ ကချင်ပြည်နယ် အစိုးရနဲ့ ၂ ကြိမ်၊ ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့  ၃ ကြိမ် တရားဝင် တွေ့ဆုံခဲ့ပြီး ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့တော့ အလွတ်သဘော ၅ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013