DVB Logo
Home
မြန်မာသတင်း
တရားမ၀င်လုပ်သားများကို ထိုင်းအစိုးရက  ဇူလိုင်၁ရက် စတင်ဖမ်းဆီးနှိမ်နင်းမည်
DVB
·
June 11, 2018
တရားမ၀င်လုပ်သားများကို ထိုင်းအစိုးရက  ဇူလိုင်၁ရက် စတင်ဖမ်းဆီးနှိမ်နင်းမည်
Donate to DVB

 

ထိုင်းနိုင်ငံထဲမှာ တရားမ၀င် လုပ်ကိုင်နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လာမယ့် ဇူလိုင် ၁ ရက်ကစပြီး ဖမ်းဆီးနှိမ်နင်းအရေးယူသွားမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဝင်အလုပ်လုပ်ခွင့်ရပြီး နိုင်ငံတကာစံနှုန်းနဲ့အညီအလုပ်သမားအခွင့်အရေးရရှိရေး၊ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုတွေရရှိရေး ထိုင်းအစိုးရက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံ အစိုးရတွေနဲ့ ပူးပေါင်းပြီး  နိုင်ငံသားစိစစ်တာ၊ နေထိုင်ခွင့်ဗီဇာတံဆိပ်တုံးထုပေးတာနဲ့ အမည်စာရင်းသွင်းထားတဲ့ အလုပ်သမားတွေကို တရားဝင်မှတ်ပုံတင်ပေးတာကို ခရိုင်အသီးသီးမှာ တနေရာတည်း အပြီးဝန်ဆောင်မှုစင်တာ (One Stop Service) ဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်။

အဆိုပါ ၀န်ဆောင်မှုစင်တာဟာ ဒီဇွန်လ ၃၀ ရက်နေ့ထိဘဲ ဖွင့်လှစ်ပေးမှာဖြစ်ပြီး နောက်ထပ် ရက်တိုးပေးတော့မှာမဟုတ်လို့ သက်ဆိုင်ရာ အလုပ်ရှင် အလုပ်သမားတွေ အနေနဲ့ သတ်မှတ်ရက်အတွင်း အချိန်မီလာရောက်ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ မဆက်သွယ်သူတွေ တရားမ၀င်လုပ်ကိုင်နေသူတွေကို လာမယ့် ဇူလိုင် ၁ ရက်ကစပြီး ဖမ်းဆီး နှိမ်နင်းအရေးယူ မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ရဲမှူးကြီး အဒွန်း ဆဲန်ဆင်ကယောက်က ဇွန်လ ၈ ရက် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအစည်းအဝေးမှာ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံသားစိစစ်ဖို့ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၃၄၄၉၁ ဦးရှိပြီး ၉၈၈၀၃ ဦးပြီးဆုံးသွားပြီဖြစ်ကာ မပြီးဘဲ လာလုပ်ဖို့ကျန်နေသူ နောက်ထပ်  ၃၅၆၈၈ ဦး ရှိသေးတယ်လို့ သိရတယ်။

ဒါ့အပြင် ဒီနှစ်ဆန်းပိုင်းက အမည်စာရင်းတင်သွင်းထားတဲ့ လူသစ် ၁၃၂၀၀၃၅ဦး ရှိရာမှာ နေထိုင်ခွင့်မှတ်ပုံတင် ရရှိပြီးသူနဲ့ ဆောင်ရွက်နေဆဲ ၁၂၂၁၅၅၇ ဦးရှိပြီး နောက်ထပ် ၉၈၄၇၈ ဦး (၂၇ ရာခိုင်နှုန်း) OSS ရုံးမှာလာရောက်ဆက်သွယ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အထောက်အထားလုပ်ဖို့ လိုအပ်သူတွေ အချိန်မီလာရောက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊  ဇူလိုင် ၁ ရက်နေ့က စစ်ဆေးဖမ်းဆီးတဲ့အခါမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်သူတွေ၊ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ ၀င်ရောက်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒဏ်ငွေအနည်းဆုံး ဘတ် ၅၀၀၀ကနေ ၅၀၀၀၀အထိ ကျခံရမှာဖြစ်ပြီး ဒဏ်ငွေဆောင်ပြီးတာနဲ့ နေရင်းနိုင်ငံပြန်ပို့မှာဖြစ်ကာ ထိုင်းနိုင်ငံကို  ၀င်ခွင့် နှစ်နှစ် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အလုပ်ရှင်တွေအနေနဲ့ ခွင့်ပြုချက်မရှိတဲ့အလုပ်သမားတွေခန့်ထားရင်၊ ခွင့်မပြုတဲ့ လုပ်ငန်းအမျိုးအစားမှာ ခိုင်းစေတာတွေ့ရင် အလုပ်သမား တဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ်တသောင်းမှ အများဆုံး  ဘတ်တသိန်းထိ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်ရှင်ဟာ အဆိုပါအမှုကို နောက်ထပ်ပြန်ပြီးကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး နှစ်နှစ်စ်နဲ့ ငွေဒဏ် အနည်းဆုံး ငါးသောင်းမှ နှစ်သိန်းပေးဆောင်ရမှာဖြစ်ပြီး အလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ပင်ခံရမှာပါ။

နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နောက်နောင် ထိုင်းနိုင်ငံထဲမှာလာရောက် လုပ်ကိုင်လိုတယ်ဆိုရင် နှစ်နိုင်ငံအစိုးရ သဘောတူစာချွန်လွှာလုပ်ထားတဲ့ အမ်အိုယူ စနစ်နဲ့သာ လာခွင့်ပြုတော့မှာဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားဆိုင်ရာအချက်အလက်တွေ သိလိုတယ်ဆိုရင် သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံး၊ ဘန်ကောက်အလုပ်သမားရုံး (နယ်မြေ ၁ မှ ၁၀ ထိ) နဲ့ အလုပ်သမားအရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကိုးကား - ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀က်ပ်ဆိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013