သုံးရက်အတွင်း ကြည့်ရှုသူ ၁၁ သန်းကျော်ရှိခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားဂုဏ်ပြုသီချင်း (ရုပ်သံ)

၂၀၁၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဂုဏ်ပြုတေးသီချင်းတပုဒ်ဖြစ်တဲ့ Live It UP အမည်ရ သီချင်းဟာ ထုတ်လွှင့်လိုက်ချိန်မှ ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုသူ ၁၁ သန်းကျော်သွားခဲ့ပါတယ်။ ဒီသီချင်းကို အမေရိကန် အဆိုတော် နစ်ကီဂျမ် (Nicky Jam) က သီဆိုထားပြီး Featuring အဖြစ် အမေရိကန်သရုပ်ဆောင်၊ ရက်ပ်အဆိုတော် ဝေလ်စမစ်သ် (Will Smith) ၊ ကိုဆိုဗိုအဆိုတော် မိန်းကလေး အီရာ အစ္စထရီဖီ (Era Istrefi) တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ္ဘာ့ဖလား ဂုဏ်ပြုတေးသီချင်းတွေရဲ့ ထုံးစံအတိုင်း နိုင်ငံအလိုက် ဘောလုံးကစားပွဲတွေ၊ အရင်က ကစားပွဲတွေ၊ ပရိသတ်တွေရဲ့ ပုံရိပ်တွေ၊ လူမျိုးစုအလိုက် ကလေးငယ်တွေ ဘောလုံးကစားနေကြတဲ့ ပုံရိပ်တွေအပြင် ပါဝင်သီဆိုကြတဲ့ အဆိုတော်တွေရဲ့ သီဆိုပုံတွေနဲ့ မြူးမြူးကြွကြွ အကအလှတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ခုထုတ်လွှင့်လိုက်တဲ့ တရားဝင် ကမ္ဘာ့ဖလား ဂုဏ်ပြုတေးကတော့ ၃၂ သင်းပတ်လည် အုပ်စုပွဲစဉ်တွေကနေ ဗိုလ်လုပွဲအထိ ပွဲစဉ်တလျှောက်လုံး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို လေးနှစ်တကြိမ် ကျင်းပနေတာဖြစ်ပြီး အခုနှစ်ရဲ့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိုတော့ ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ ရုရှားနိုင်ငံ မြို့ကြီးတွေမှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဂုဏ်ပြုတေး “We Are One (Ole Ola)” ကိုတော့ အဆိုတော် ပစ်တ်ဘူးလ် (Pitbull)၊ ဂျနီဖာ လိုပက်ဇ် (Jennifer Lopez) နဲ့ ကလော်ဒီယာ လိုက်တီ (Claudia Leitte) တို့က သီဆိုခဲ့ကြတာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဂုဏ်ပြုတေး “Waka Waka” ကိုတော့ အဆိုတော် ရှာကီရာ (Shakira) က သီဆိုခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up