ကြားဖြတ်ရွေးကောက်ပွဲ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများကား ယခုရက်ပိုင်း၊ လပိုင်းအတွင်းမှာပင် ကျင်းပကြပေလိမ့်မည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများအဖို့ကား စစ်ပွဲလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲကို ယခုရွေးကောက်ပွဲများက အဆုံးအဖြတ်ပေးမည် ဆိုခြင်းထက် အနီးစပ်ဆုံး ခန့်မှန်း၍ ရပေသည်။ ကြားဖြတ်ရွေးကောက်ပွဲ၏ အနိုင်အရှုံး၊ မဲအချိုးအစားကို ကြည့်ကာ ပြည်သူက လက်ရှိအစိုးရ ကိုယ်စားပြုသော ပါတီနှင့် ယခင်အစိုးရဖွဲ့ခဲ့သော ပါတီ၊ အသစ်ဖွဲ့လိုက်သော ပါတီ၊ တိုင်းရင်းသားပါတီ စသည် စသည်များကို မည်မျှအလေးထားပြီး မည်မျှ မျက်ကွယ်ပြုသည် ဆိုသည်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် အနည်းနှင့်အများဆိုသလို ပေါ်လွင်နိုင်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် ပါဝင်ခြင်း မပြုခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ခြင်းကြောင့် ရွေးကောက်ပွဲမဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ခဲ့သောသူများက ပါတီများ ထောင်ကြသည်။ စစ်တပ်ကို ကိုယ်စားပြုသည်ဟု ယူဆသော ပြည်ခိုင်ဖြိုးပါတီကို ဆန့်ကျင်သောသူများကလည်း ဝင်ပြိုင်ကြသည်။ ပါတီမှ ခွဲထွက်သောသူများမှာ ၉၀ ခုနှစ် ရွေးကောက်ပွဲမှ အန်အယ်လ်ဒီသင်္ကေတ ခမောက်ကို ယူခဲ့ကြ၍ ပြည်သူက အန်အယ်လ်ဒီအဖွဲ့နှင့်ရော စစ်အာဏာရှင်နှင့် စစ်အစိုးရကို စက်ဆုပ်မှုများကြောင့် ထိုပါတီငယ်များသည်ပင်လျှင် ဝင်ပြိုင်သရွေ့နီးပါး အရွေးခံခဲ့ကြရလေသည်။ သို့သော်လည်း ငွေကြေးအင်အား၊ လူအင်အား၊ အတွေ့အကြုံ၊ အာဏာပိုင်တို့၏ လူမသိအောင်ရော၊ လူသိအောင်ရော ထောက်ခံအားပေးမှုတို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့လေသည်။ ယခင်စစ်အစိုးရလက်ထက်က 'ဒီမိုကရေစီ' ဆိုသော ဝေါဟာရကို စက်ဆုပ်ဖွယ်ရာ အသုံးအနှုန်းအဖြစ် ဆန့်ကျင်ခဲ့သူများသည် ပါတီများနှင့် ရွေးကောက်ပွဲများ ပေါ်လာသောအခါ ဒီမိုကရေစီဆိုသော ဝေါဟာရကို နှုတ်ဖျားကမချဘဲ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်လာကြလေတော့သည်။ လူထုသည် ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်သည်၊ မကြိုက်သည်ထက်၊ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်ဟောင်းများ၊ စစ်အစိုးရနှင့် ပတ်သက်သော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ မဲမရရေးအတွက် ရွေးကောက်ပွဲမဲကို တက်တက်ကြွကြွ ထည့်ဝင်ခြင်း မပြုကြပေ။ သို့သော်လည်း မဲမထည့်လျှင် ဘာဖြစ်မလဲဆိုသည့် သို့လောသို့လော သံသယများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲကဲ့သို့ပင် ယခုလည်း အင်အားအကောင်းဆုံး မဲဆန္ဒနယ်များတွင် ပါဝင်ရွေးချယ်ခံခဲ့သောကြောင့် ပြည်ခိုင်ဖြိုးသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ တွင် ၂၀၀၈ ဖွဲ့စည်းပုံလက်မခံရေး မူဖြင့် အန်အယ်လ်ဒီ ဝင်မပြိုင်ခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသောအခါတွင် ၂ နှစ်အတွင်း ထိုမူကို အန်အယ်လ်ဒီခေါင်းဆောင်များက ပြောင်းပစ်လိုက်၏။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေးမူ ဖြစ်လာလေသည်။ ထို ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်သော မဲဆန္ဒနယ် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သော အန်အယ်လ်ဒီကိုယ်စားလှယ် ၄၃ နေရာ မဲအများဆုံးနှင့် အနိုင်ရရှိသွားခဲ့လေတော့သည်။ ထိုအခါ မဲလိမ်ခြင်း၊ မဲခိုးခြင်း ပြဿနာများ ကြီးကြီးမားမား မကြားရဘဲ ကြိုတင်မဲ ပြဿနာသာ ကြားရပြီး ယေဘုယျအားဖြင့် သန့်ရှင်းသော ရွေးကောက်ပွဲဟု ဆိုနိုင်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီသည် မဲဆန္ဒနယ်တိုင်း၌ အင်နှင့်အားနှင့် ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် လူထုက သောင်းသောင်းဖြဖြ အားပေးမဲထည့်ခဲ့ကြသည်။ ထို့ကြောင့် Land Slide Victory ဖြစ်ကာ အန်အယ်လ်ဒီ အစိုးရဖွဲ့လာနိုင်ခြင်း ဖြစ်ပါသည်။ ထိုအတွေ့အကြုံအရ ကြားဖြတ်ရွေးကောက်ပွဲသည် လူထု၏ သဘောထားကို အထိုက်အလျောက် ဖော်ပြနိုင်သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်၏။ သို့သော်လည်း လုံးဝဥသုံကား ကောက်ချက်ချ၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော မွန်ပြည်နယ် ရွေးကောက်ပွဲများတွင် လူထုဆန္ဒအရ အန်အယ်လ်ဒီကို မဲအထည့်နည်းသည့် အခြေအနေကို တွေ့မြင်ခဲ့ရလေသည်။ အထူးသဖြင့် လူထုသည် အာဏာရလာသော အန်အယ်လ်ဒီအစိုးရအပေါ် အားထားယုံကြည်မှု လျော့နည်းလာသည်။ ထိုအခြေအနေမှာ အဖြစ်မှန်နှင့် လက်တွေ့ကျကြောင်း အန်အယ်လ်ဒီအနေဖြင့် နားလည်ဖို့ လိုလာပါသည်။ ပြည်သူလူထုအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သို့မဟုတ် အမျိုးသားရင်ကြားစေ့ရေးကို လိုလိုလားလား ရှိကြပါသည်။ သို့သော် စစ်တပ်နှင့်သာ သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ဘဝင်မကျကြပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီအားလုံးနှင့် ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလိုလားလားရှိသည်။ ဆိုလိုသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကို မျှော်လင့်ကြလေသည်။ ထို့အတူ နှစ်ပေါင်း ၅၀ ကျော် အဖိနှိပ်ခံ၊ အုပ်ချုပ်ခံခဲ့ရသော အခြေအနေမျိုးမှလည်း ရုန်းထွက်ချင်ကြသည်။ နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်ခဲ့သော ယန္တရားအောက်မှလည်း လွတ်မြောက်ချင်ကြသည်။ စင်စစ် ထိုယန္တရားမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အစိုးရခေတ်က ယန္တရား ဖြစ်နေသောကြောင့် လွတ်မြောက်ချင်ကြလေသည်။ အဂတိလိုက်စားမှုများ၊ အထက်ဖား အောက်ဖိ အနိုင်ကျင့်မှုများ စသည်တို့ကို မမြင်ချင် မတွေ့ချင် မခံချင်ကြတော့ပေ။ သို့သော် အန်အယ်လ်ဒီအစိုးရသည် ထိုယန္တရားဟောင်းဖြင့်ပင် ခရီးဆက်ခဲ့၏။ ငြိမ်းချမ်းရေးကို အသံကုန် အော်ဟစ်နေကြသော်လည်း စစ်ပွဲများမှာ ကြောက်ခမန်းလိလိ ဖြစ်ပေါ်နေဆဲ၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀ တုန်းကလို မိုင်းထောင်ခြင်း၊ သံလမ်းများဖြတ်ခြင်း ကဲ့သို့သော အဖျက်လုပ်ရပ်များ လုပ်လာကြသည်။ စစ်ရှောင်ဒုက္ခသည်များ များသထက်များ၊ ပြေးသထက် ပြေးနေရဆဲ၊ ထိုအခြေအနေများတွင် မိမိတို့ အားထားခဲ့သော အန်အယ်လ်ဒီ အစိုးရ၏ လုပ်ဆောင်ချက်များမှာ ထိထိရောက်ရောက်မရှိဟု ယူဆနေလေသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်လည်ရွေးကောက်ပြီး အသက်မသွင်းချင်သလို ကတိစကားကို ထိရောက်အောင် အကောင်အထည်မဖော်နိုင်၊ ယန္တရားအသစ် မတည်ဆောက်နိုင်သော အန်အယ်လ်ဒီအပေါ်လည်း အားကိုးအားထားပြုမှုများ လျော့နည်းလာရလေသည်။ ထိုအခြေအနေတွင် ကြားဖြတ်ရွေးကောက်ပွဲများမှာ ၂၀၁၂ ကလည်း မဖြစ်နိုင်တော့ဘဲ ပြည်သူသည် ကတိစကားနှင့် လက်တွေ့ မကိုက်ညီမှုကို ဆန့်ကျင်လာကြတော့သည်။ မဲထည့်ရမည်ဆိုလျှင် အန်အယ်လ်ဒီကိုသာ မဲထည့်ကြမည်ဆိုသော်လည်း အန်အယ်လ်ဒီသည် လက်တွေ့ အားနည်းလွန်းသောကြောင့် မဲမထည့်ဘဲ နေရလျှင်လည်း မဲမထည့်ကြတော့ဟု ပြည်သူက လက်လျော့ကာ အနီကတ်ပြဖို့ စိတ်ကူးလာကြလေသည်။ ထိုအခြေအနေကို လေးလေးနက်နက် သဘောပေါက်ကြမည်ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ယခုအချိန်ကတည်းက ပြင်ဆင်ဖို့၊ မိမိတို့လုပ်ရပ်များကို ပြောင်းလဲဖို့၊ ထိရောက်သော ယန္တရားသစ်ကို တည်ဆောက်ဖို့ လိုအပ်လာလေသည်။ ပြည်သူထောက်ခံမှုမရှိသော မည်သည့်ပါတီ၊ မည်သည့်အဖွဲ့၊ မည်သည့်အင်အားမဆို အနှေးနှင့်အမြန် ကျဆုံးကြမည်မှာ အမှန်ဖြစ်သည်။ ယခု အန်အယ်လ်ဒီ အာဏာရပြီး ၂ နှစ်ကျော်အကြာအထိ ပြည်သူက တကယ်အားကိုးထိုက်သော နိုင်ငံရေးပါတီအဖြစ် ယုံကြည်အားကိုးရဖို့မှာ အားနည်းလာခဲ့ပေသည်။ အာဏာရပါတီကို အားထားဖို့၊ အင်အားနည်းလာသော်လည်း အင်အားအကြီးဆုံး အတိုက်အခံပါတီကိုမူ ပြည်သူက မိမိတို့၏သွေးနှင့် စတေးခဲ့သော အတွေ့အကြုံအရ လုံးဝ အားမထား မယုံကြည်သည်မှာ အမှန်ပင်။ ထိုအခြေအနေကို ၂၀၁၅ ရွေးကောက်ပွဲက သက်သေပြလိုက်ပေပြီ။ ထိုအခါ ကြားပါတီများကို အားထားထိုက်သလား၊ ယုံကြည်ထိုက်သလားဟု ရှာဖွေကြည့်သော်လည်း အားထားထိုက်သော နိုင်ငံရေးပါတီ ပေါ်မလာသေးပေ။ ၈၈ မျိုးဆက်တခုလုံးသာ နိုင်ငံရေးလောကထဲ ရောက်လာပါက ထိုက်သင့်သလောက်သာ ထားနိုင်သော်လည်း ယခုဝင်လာသောသူများမှာမူ သူတို့၏နိုင်ငံရေး သူတို့ဖြတ်သန်းလာသော အတွေ့အကြုံအရ ထိုက်သင့်သလောက် အားထား၍ မရနိုင်ပေ။ တိုင်းရင်းသားပါတီအချို့မှာ လေးစားယုံကြည်ထိုက်သော လှုပ်ရှားမှုများ ရှိသော်လည်း ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ အားနည်းနေသောကြောင့် အာဏာအပ်ဖို့ အခြေအနေ မပေးနိုင်ပေ။ ထို့ကြောင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် အန်အယ်လ်ဒီပါတီအဖို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို လူထုထောက်ခံမှု အင်နှင့်အားနှင့် ရနိုင်လိမ့်မည်ဟု မပြောနိုင်ပေ။ ထို့အတူ ပြည်ခိုင်ဖြိုးပါတီအနေနှင့်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် အင်နှင့်အားနှင့် အနိုင်ရလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ ပြည်သူသည် ပြည်ခိုင်ဖြိုးပါတီကို စစ်တပ်ပါတီအဖြစ်သာ ယုံကြည်နေဆဲဖြစ်သောကြောင့် ဒီမိုကရေစီ အငွေ့အသက် အားနည်းလှသည်ဟု ယူဆကြလေသည်။ ထို့ကြောင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးသည် အနိုင်ရနိုင်လိမ့်မည်မဟုတ်။ ထို့အတူ တတိယအင်အားစု ပါတီများလည်း ယခု သူတို့ဖြတ်သန်းနေသော နိုင်ငံရေးလှုပ်ရှားမှုများအရ ပြည်သူ၏ထောက်ခံမှုကို ရရှိဖို့ မလွယ်လှပေ။ တိုင်းရင်းသား လူမျိုးစုဒေသများတွင်မူ တိုင်းရင်းသားပါတီများသာ အနိုင်ရနိုင်ချေ များလေသည်။ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် အများစု ဆက်လက်အနိုင်ရရှိမည့် ပါတီမှာမူ အန်အယ်လ်ဒီပါတီသာဖြစ်ကြောင်း အထွေအထူး ပြောနေစရာ မလိုပေ။ သို့သော် ၂ နှစ်တာ ကာလ အန်အယ်လ်ဒီ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ လူထုအပေါ် မျက်ကွယ်ပြုမှုများကြောင့် ၂၀၁၂ ကလို၊ ၂၀၁၅ ကလို သောင်ပြိုကမ်းပြို မဲရနိုင်ဖို့ကား မလွယ်လှပေ။ ထိုကဲ့သို့ ပြတ်ပြတ်သားသား မဲမရလျှင် ၂၀၂၀ အတွက် စဉ်းစားစရာ၊ ရင်လေးစရာ အနာဂတ် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် စိုးရိမ်စရာ ဖြစ်လာမည်ကို အလေးအနက် ဆင်ခြင်သုံးသပ်ဖို့ အချိန်ရောက်လာပေပြီ။ ထက်မြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up