ဘတ် ၁ ထောင်ကျော်တန် ဒူးရင်းသီး အလစ်သုတ်ပြေးသူများအား ရဲရှာဖွေ

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံမှာ သစ်သီးဆိုင်တဆိုင်ထဲကနေ ဘတ် ၁ ထောင်ကျော်တန် ဒူးရင်းသီးကို အလစ်သုတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတဲ့ အမျိုးသား ၂ ဦးကို ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ ၆ ရက် ညပိုင်း ၉ နာရီလောက်က ဟွာဟင်းဒေသတွင်း ရထားလမ်းပေါ်က ဒူးရင်းသီးဆိုင်တဆိုင်မှာ ဖြစ်ခဲ့တာလို့ ဟွာဟင်းရဲစခန်း တာဝန်ကျ ရဲအရာရှိ ရွန်နချိုင် ချော့ပ်ခါက ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ် ဆိုင်ပိုင်ရှင် အက်ခါပိုလ် ကာ့ဒ်လမ်ချိတ်က အဲဒီအမျိုးသား ၂ ဦးရဲ့ မျက်နှာကို ဆိုင်ကယ်စီးဦးထုပ်နဲ့ ဖုံးကွယ်ထားပြီး အနီရောင်ဆိုင်ကယ်တစီးနဲ့ ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူတို့ဟာ ဆိုင်ထဲက ဒူးရင်းသီး ၂ လုံးကို ခိုးယူခဲ့ပြီး ဆိုင်ကယ်ဆီ ပြန်သွားခဲ့ကာ အညှာကကိုင်သယ်ကာ ထွက်သွားခဲ့တာပါ။ ဒါပေမယ့် သူတို့အတွက် ကံဆိုးစွာပဲ ဒူးရင်းသီး ၂ လုံးစလုံးကို မနိုင်ဘဲ တလုံးက အညှာကနေ ပြုတ်ကျပြီး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ပိုင်ရှင်ကတော့ ခိုးယူခံခဲ့ရတဲ့ ဒူးရင်းသီးရဲ့ အလေးချိန်ဟာ ၅ ကီလို၊ ၆ ကီလိုဂရမ်လောက်ရှိပြီး ဘတ် ၁ ထောင်ကျော်တန်တယ်လို့ ရဲတွေကို ပြောပါတယ်။ ခိုးယူသူတွေက ဆာလွန်းလို့ ဒီဒူးရင်းသီးတွေကို စားချင်တယ်ဆိုရင် သူက ကျွေးလိုက်မှာပါ။ ခုတော့ သူတို့က မှားယွင်းတဲ့နည်းလမ်းနဲ့ ခိုးသွားကြတာလို့ သူက ပြောပါတယ်။ စီစီတီဗွီ လုံခြုံရေးကင်မရာမှာတော့ အလစ်သုတ်သမား ၂ ဦးရဲ့ ပုံရိပ်တွေကို ဖမ်းယူရရှိထားပြီး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up