Homeမြန်မာသတင်း
နှစ် ၁၈၀ ကျော် သက်တမ်းရှိ ပခန်းမင်းကြီး၏ ကျွန်းသေတ္တာနှင့်ကုတင်ကို သန့်ရှင်းရေးပြုလုပ်
နှစ် ၁၈၀ ကျော် သက်တမ်းရှိ ပခန်းမင်းကြီး၏ ကျွန်းသေတ္တာနှင့်ကုတင်ကို သန့်ရှင်းရေးပြုလုပ်
DVB
·
June 10, 2018
နှစ်ပေါင်း ၁၈၀ ကျော် သက်တမ်းရှိ ပခန်းမင်းကြီး ဦးရန်ဝေး အသုံးပြုခဲ့တဲ့ ကျွန်းသေတ္တာနဲ့ ကျွန်းကုတင်ကို လက်တွေ့သန့်ရှင်းနည်းနဲ့ထိန်းသိမ်းစောင့်ရှောက်နည်းတွေကို အီတလီ သစ်သားပညာရှင်နဲ့ နည်းပညာတက္ကသိုလ်ကျောင်းသူတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကျွန်းသေတ္တာ ကျွန်းကုတင်ကို ၂၀၁၅ ခုနှစ်တုန်းက ပခန်းငယ်ကျေးရွာကနေ မန္တလေးမြို့ ၈၆ လမ်း ၃၂လမ်း ၃၃ လမ်းကြား ဦးစိုးဝင်းမြင့် နေအိမ်ကို မိသားစုဝင်တွေက သယ်ဆောင်ခဲ့ကြတာပါ။
ဇွန် ၉ ရက်နေ့က မန္တလေးမြို့ ဦးစိုးဝင်းမြင့် နေအိမ်မှာ သစ်သားပညာရှင် အီတလီနိုင်ငံသူ မစ်အာဇလာနဲ့ နည်းပညာတက္ကသိုလ်မှ ကျောင်းသူတွေ လက်တွေ့သန့်ရှင်းနည်း၊ ထိန်းသိမ်းစောင့်ရှောက်နည်းတွေကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြတာပါ။
ရှေးဟောင်း ကျွန်းသေတ္တာနဲ့ ကျွန်းကုတင်ကို မိသားစုဝင်တွေက ဆွေစဉ်မျိုးဆက် ၆ ဆက်အထိ ထိန်းသိမ်းလာခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အီတလီနဲ့ မြန်မာ ၃ နိုင်ငံ ပါဝင်မှုနဲ့ ထိန်းသိမ်းသွားမယ်လို့ အီတလီနိုင်ငံသူ သစ်သားပညာရှင် မစ္စအာဇလာက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အမေရိကန်အခြေစိုက် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ WMF က တာဝန်ရှိပုဂ္ဂိုလ် မစ္စတာဂျက်ဖရီအာလန်က လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်း မြန်မာ့အမွေအနှစ်တွေကို တန်းဖိုးထားတဲ့အနေနဲ့ ရှေးဟောင်းကျွန်းသေတ္တာနဲ့ကျွန်းကုတင်ကို နှစ်ပေါင်းများထိန်းသိမ်းနိုင်ရေး နည်းပညာရှင်များနဲ့ ကူညီပံ့ပိုပေးမယ်လို့ ပြောကြားခဲ့တာပါ။
သစ်သားပညာရှင် အီတလီနိုင်ငံသူ မစ္စအာဇလာနဲ့ နည်းပညာတက္ကသိုလ်မှ ကျောင်းသူတွေဟာ ဇွန် ၁၄ ရက်နေ့မှာ လက်တွေ့သန့်ရှင်းနည်း၊ ထိန်းသိမ်းစောင့်ရှောက်နည်းတွေကို ဒုတိယအကြိမ်ဖြစ် ဆက်လက်ပြုလုပ်သွားမယ်လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းထားတဲ့ မိသားစုဝင်က ပြောပါတယ်။