Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရဖို့ လူထုအပေါ်မှာမူတည်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
July 4, 2012
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆက်လုပ်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ကိစ္စ ဟာ မြန်မာပြည်သူလူထု အပေါ်မှာ မူတည်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းက သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားသွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရတွေအားလုံးက အားပေးကြဖို့ မျှော်လင့်ထားတဲ့ အကြောင်း၊ အဆုံးမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာပြည်သူလူထုတွေက ကိုယ့်ဘာသာကိုယ် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း၊ အစိုးရကတော့ နိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ နားလည်ထားပြီး ဒီအဆင့်ကနေ နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းမှုတွေဆီ ဆက်လုပ်နိုင်ဖို့နဲ့ အဲဒီနောက် မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဒါ့ပြင် ဇူလိုင် ၄ ရက်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေး မတက်ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး လည်း ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောကြားသွားပါတယ်။ “အခုဟာက ရန်ကုန်မှာ လုပ်ရမယ့် အလုပ်တွေ ပြီးအောင် လုပ်ဖို့ အချိန်လိုသေးတယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ဖို့လည်း လိုပါတယ်။ ကျမတွေ့ရမယ့် ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ပြီးတော့ ကျမ သတင်းစာရှင်းလင်းပွဲ အပြီးမှာလည်း တွေ့ဆုံဆွေးနွေးစရာတွေလည်း ရှိပါတယ်။ ကျမ နေပြည်တော်မတက်ခင် ကျမမြို့နယ်ကိုလည်း တခေါက် သွားချင်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြို့နယ်ကို မသွားရတာ တလကျော်သွားပြီဆိုတော့ ကိုယ့်မြို့နယ်နဲ့ ထိတွေ့မှု ရှိနေဖို့ ဆိုတာကလည်း လိုတယ်။ အဲဒါကြောင့်မို့ ဒါတွေ လုပ်နိုင်ဖို့အတွက် တနင်္လာနေ့အထိ ခွင့်ယူထားပါတယ်။” ဥရောပနိုင်ငံတွေက လွှတ်တော်နဲ့ မြန်မာနိုင်ငံက လွှတ်တော် ကွာခြားချက်နဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ဟာသ နှောပြီး ခုလို ပြောသွားပါတယ်။ “အန်တီတို့အနေနဲ့ လွှတ်တော်ကို ခဏသွားပြီး ကျမ်းကျိန်တာပဲလုပ်ဖူးတာဆိုတော့၊ လုပ်ပုံကိုင်ပုံတွေကိုတော့ သေသေချာချာ မပြောနိုင်ဘူးပေါ့။ ကြည့်ရတာ ဒီက လွှတ်တော်တွေကတော့ ဟိုက လွှတ်တော်တွေထက်စာရင် ဘယ်လိုပြောရမလဲ တောင့်တောင့်ကြီးရှိတာပေါ့။ အားလုံးက တန်းစီပြီး ထိုင်နေပြီး လှုပ်ရှားမှုနည်းတယ်လို့ ထင်တာပေါ့နော်။” ဒါ့ပြင် ဒ်ါအောင်ဆန်းစုကြည်က လွှတ်တော်အတွင်းမှာ ဥပဒေတွေ တင်သွင်းဆွေးနွေး အကောင်အထည်ဖော်ခြင်းထက် ဥပေဒေပြုတဲ့ နည်းစနစ်တွေ ပွင့်လင်းမြင်သာမှု ရှိဖို့က ပိုအရေးကြီးကြောင်း ပြောဆိုသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024