Home
မြန်မာသတင်း
မွန်ပြည်နယ် အစိုးရဌာနများ ဘတ်ဂျက်တောင်းခံမှု လွှတ်တော်ကော်မတီဝေဖန်
ပိုင်စိုး
·
June 9, 2018
မွန်ပြည်နယ်ထဲက အစိုးရဌာနတွေဟာ ဘတ်ဂျက်တောင်းခံရာမှာ ပြီးခဲ့တဲ့နှစ်က လုပ်ပြီးသား ကိစ္စတွေကို ထပ်တောင်းတာ၊ မြို့နယ်ကျော်ပြီး ဘတ်ဂျက်တောင်းတာနဲ့ ဆောင်ရွက်မယ့် နေရာကိုတောင် သေချာမသိဘဲ တောင်းတာတွေရှိနေတယ်လို့ မွန်ပြည်နယ်လွှတ်တော် ကော်မတီက ဝေဖန်လိုက်ပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာငွေလျာထားချက်ပါ မြို့နယ်၊ ဌာနအလိုက် လုပ်ငန်းခေါင်းစဉ် ရွေးချယ်လျာထားတာတွေအပေါ် မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ လေ့လာသုံးသပ်ရေးကော်မတီက ဝေဖန်လိုက်တာပါ။ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက “လမ်းတလမ်းကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဘဏ္ဍာငွေ တောင်းခံမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ တလမ်းလုံးရဲ့ အသေးစိတ် အချက် အလက်တွေကို လေ့လာပြီးမှ တွက်ချက် တောင်းခံရမယ်ဆိုတာကိုလည်း အဲဒီပညာရှင်တွေအနေနဲ့ သိရှိပြီး ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တင်ပြတောင်းခံတဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတည်နေရာကို အတိအကျမသိရှိပဲ မြေပုံပေါ်က ကြည့်ရှု တောင်းခံ နေတာတွေကိုလည်း ကွင်းဆင်းမှုတွေအရ တွေ့ရပါတယ်” လို့ ပြောပါတယ်။ ကော်မတီရဲ့ အစီရင်ခံစာကို ဇွန်လ ၆ ရက် လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး မြို့နယ်အလိုက် ထူးခြားတာတွေကို ဖော်ပြထားပါတယ်။ ကျိုက်ထိုမြို့နယ်မှာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ဘဏ္ဍာငွေတောင်းခံတဲ့ လုပ်ငန်းတွေဟာ လုပ်ငန်းတည်နေရာကို အတိအကျမသိတာ၊ တွက်ချက်တဲ့ နှုန်းထားတွေ များပြားတာတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ စည်ပင်သာယာရေးက တောင်းတဲ့ လမ်းတွေကလည်း များပြားလွန်းပြီး သတ်မှတ်ကာလအတွင်း ပြီးအောင် ဂရုပြုသင့်သလို မနှစ်ကခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေတောင် မပြီးသေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လမ်းဦးစီးဌာနက တောင်းခံတဲ့ လမ်းတခုဟာလည်း စည်ပင်ပိုင်လမ်းဖြစ်နေတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘီးလင်းမြို့နယ် လမ်းဦးစီးဌာနကတော့ မနှစ်က ရန်ပုံငွေ ကျပ်သန်း ၂၅၀၀ တောင်းခံခဲ့ပေမယ့် လက်ရှိအချိန်ထိ လုပ်ငန်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းပဲ ပြီးသေးသလို သထုံမြို့နယ်မှာ လမ်းဦးစီးက ဘဏ္ဍာငွေ တောင်းခံလိုက်တဲ့လမ်းဟာ သထုံအပိုင်မှာမှာ မဟုတ်ဘဲ ဘီးလင်းမြို့နယ်ထဲမှာ ကျရောက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ချောင်းဆုံမြို့နယ်မှာလည်း မြေသားလမ်း တမိုင်ကို ကျပ်သိန်း ၁၂၀၀ တောင်းခံထားတာကို ပြန်စိစစ်ဖို့ ကော်မတီက အကြံပြုထားပါတယ်။ ရေးနဲ့ သံဖြူဇရပ်လမ်းပိုင်းမှာလည်း လမ်းဦးစီးရုံးချုပ်က ၁၀ နှစ်ခံ ဒီဇိုင်းလို့ ပြောခဲ့ပေမယ့် အခု ၁၀ လ မကြာခင်မှာပဲ ပျက်စီးနေပြီလို့လည်း ဖော်ပြထားပါတယ်။ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အရည်အသွေးပိုင်းကို ဂရုစိုက်ဖို့ကိုလည်း ကော်မတီက သုံးသပ်တင်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024