၁၇ နှစ် ထိုင်းလူငယ်ထံမှ ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဓာတ်ပုံ - jangkhao
ထိုင်းနိုင်ငံ ဘန်ကောက် လတ်ဖရော့တ်နယ်မြေထဲမှာ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တဦးထံကနေ ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ စိတ်ကြွဆေး အလုံးပေါင်း ၈ သန်းခွဲကျော်၊ အိုက်စ်ဆေး ၃၇ ကီလိုဂရမ်၊ Egtaxi (အီးဆေး) ၂၀၀၀ ကျော်၊ Ketamine (ကေဆေး) ၃၈ ကီလိုဂရမ်နဲ့ မူးယစ်ဆေးရည် ၅၆၉ ပုလင်းတို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇွန် ၇ ရက်နေ့ သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဘန်ကောက်မြို့လယ် ဘန်းခင်၊ ကျတူးကျတ်၊ လတ်ဖရော့တ်နဲ့ တွန့်နားယောင်း၊ မိင်းပူရီ စတဲ့နယ်မြေတွေထဲမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွေ ရှိနေကြောင်း သိရှိရတဲ့အတွက် ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ အခြားဌာနဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးရာ လမ်းကြောင်းတွေကို အချိန်အတိုင်းအတာတခုထိ စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့တယ်လို့ ဆိုပါတယ်။ လတ်ဖရော့တ်နယ်မြေ ကျရခဲ့ပိုရပ်ကွက် လတ်ပရာကောက်လမ်းရှိ အမှတ် ၉၂၀၃ တိုက်ခန်းတခန်းကို မသင်္ကာလို့ စောင့်ကြည့်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်ည ၁၀ နာရီကျော်ကတော့ အဲဒီအခန်းထဲကနေ အထုတ်ဆွဲပြီး ထွက်လာတဲ့ ၁၇ နှစ်ရွယ်အရွယ် နိုင်းခိန်း (အမည်လွှဲ) ဆိုသူကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူရွယ်ဆွဲလာတဲ့ အထုပ်ထဲမှာ စိတ်ကြွဆေးပြား အလုံးရေ ၄၀၀၀ နဲ့ အိုက်စ်ဆေး ၃ ကီလိုဂရမ်ကို တွေ့ရှိပြီးတဲ့နောက် အဲဒီတိုက်ခန်းကို ဝင်ရောက်စစ်ဆေးရာမှာ အလွန်များပြားတဲ့ မူးယစ်ဆေးဝါးပေါင်းစုံ သိုလှောင်ထားတာ တွေ့ရှိရတယ်လို့ မူးယစ်ဆေးဝါး ကွပ်ကဲထိန်းသိမ်းရေးဌာနချုပ် ဒု-ကွပ်ကဲရေးမှူး ရဲမှူးချုပ် ရိချားကွန်း ကျွမ်းကျေးဝုဒ်က ပြောပါတယ်။ ဖမ်းဆီးရမိသူ လူငယ်ကတော့ အဲဒီမူးယစ်ဆေးတွေ ဘယ်ကလာလဲဆိုတာ မသိကြောင်း၊ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူက အဲဒီအခန်းမှာ လာနေဖို့ပြောလို့ ရောက်လာတာ ၂ လသာ ရှိသေးကြောင်း၊ သူဟာ မူးယစ်ဆေးဝါးတွေကို ဘန်ကောက်ရှိ နိုက်ကလပ်တွေမှာ သွားရောက်ဖြန့်ဖြူးပေးရပြီး တကြိမ်ကို ဘတ်ငွေ ၁ သိန်းမှ ၂ သိန်းထိ ရရှိတယ်လို့ ထွက်ဆိုသွားပါတယ်။ တာဝန်ရှိသူတွေက သူ့ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု ဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up