ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
June 7, 2018
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ဇွန် ၁၁ ရက်လောက်မှာ မုန်တိုင်းငယ်တခုဖြစ်လာနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
မိုးလေ၀သဌာနရဲ့ ဇွန် ၇ ရက် ဒီနေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ လေဖိအား နည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ကမ်းခြေနဲ့ ဘင်္ဂလားဒေရှ့်ကမ်းခြေများဆီ ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်များဟာ အချိန်နဲ့အမျှ ပြောင်းလဲ နိုင်တယ်လို့လည်း မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီမုန်တိုင်းငယ်နဲ့အတူ မြန်မာနိုင်ငံထံ မုတ်သုန်လေ၀င်ရောက်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇွန်လ ၄ ရက်မှာ မုတ်သုန်လေဟာ မြန်မာနိုင်ငံတ၀န်းကို ၀င်ရောက်ခဲ့ပြီး ဒေသအနှံ့မိုးရွာနေသလို နေရာကွက်ပြီး မိုးကြီးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။