ဧရာဝတီတိုင်းရှိ ကြိုးတံတားများ ယာဉ်ဖြတ်သန်းနိုင်သည့် တန်ချိန်လျှော့ချ သတ်မှတ်
သော်ဇင်မျိုး
·
June 7, 2018
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကြိုးတံတားတွေအားလုံးကို ယာဉ်ဖြတ်သန်းနိုင်တဲ့ တန်ချိန်တွေ လျှော့ချသတ်မှတ်လိုက်ပါတယ်။
မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ပုသိမ်ကြိုးတံတား အပါအဝင် မြို့နယ်ချင်း ဆက်သွယ်ထားတဲ့ ကြိုးတံတား ၆ စင်းကို ပညာရှင်တွေနဲ့ စစ်ဆေးခဲ့တာတွေ လုပ်ဆောင်ခဲ့အပြီးမှာ ယာဉ်ဖြတ်သန်းနိုင်တဲ့ တန်ချိန်တွေကို လျှော့ချသတ်မှတ်လိုက်တာလို့ တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
တန်ချိန်တွေ လျှော့ချ သတ်မှတ်လိုက်ပြီးနောက်မှာလည်း တန်ပိုယာဉ်တွေ ဖြတ်သန်းတာ မရှိအောင် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
အခုလို တန်ချိန်တွေ ကန့်သတ်လိုက်တဲ့ ကြိုးတံတားတွေထဲမှာ ဝါးခယ်မမြို့နယ်က ရွှေလောင်းကြိုးတံတားကတော့ ကြံ့ခိုင်မှုအနည်းဆုံးအခြေအနေဖြစ်တဲ့ Grade 5 အဆင့်မှာ ရှိနေပါတယ်။
တံတားရဲ့ ထိန်းကြိုးတချို့ ပြတ်တောက်နေလို့ ခရီးသည်တင်ယာဉ်တွေနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေ လမ်းဆင်းလျှောက်ကြဖို့ အသိပေး ထုတ်ပြန်ထားပြီး ကျွန်းကုန်းတံတားကလည်း တံတားကြံ့ခိုင်မှုကို စိုးရိမ်ရတဲ့အတွက် ခရီးသည်တွေ လမ်းဆင်းလျှောက်နေကြရပါတယ်။