အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွေ ဖျက်သိမ်း
DVB
·
July 2, 2012
ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)က ဖွဲ့စည်းခဲ့တဲ့ ပါတီအောင်နိုင်ရေး ကော်မတီတွေကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြန့်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“အခုအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီဖြစ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အဆင့်ဆင့်ကို ၂၀၁၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့ကစပြီး ရုပ်သိမ်းပြီး ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေး အဆင့်ဆင့်ဟာ မိမိတို့ရဲ့ ရသုံးငွေစာရင်းများကို စနစ်တကျ ပြုစုထားရှိပြီး ပြင်ပစာရင်းပညာရှင်များနှင့် စစ်ဆေးပြုစုဖို့လည်း ညွှန်ကြားပါတယ်လို့ ပါရှိပါတယ်ဗျ။ အဲဒါက ထုတ်ပြန်လိုက်တဲ့ကြေညာချက်ပါဗျ။”
ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ ညီလာခံခေါ်ယူကျင်းပနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်လာတာကြောင့် အခုလို ဖျက်သိမ်းလိုက်တာလို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။
“ညီလာခံတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ညီလာခံကျင်းပမယ့် ကော်မရှင်တွေက နိုင်ငံရေးညှိနှိုင်းမှုတွေ လုပ်လို့ရပါပြီ။ ကျန်တဲ့အဖွဲ့အစည်းတွေက မလိုအပ်တော့ဘူးဆိုပြီး ရွေးကောက်ပွဲ ကိစ္စတွေကလည်း ပြီးသွားပြီဖြစ်လို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို မလိုအပ်တော့လို့ ဖျက်သိမ်းလိုက်တဲ့သဘောပါပဲ။”
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၂ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီနေ့အချိန်မှာတော့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံး ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပဖို့ခေါ်ယူထားတဲ့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်ဖို့ရှိနေကြပြီး အဆိုတွေ တင်သွင်းဖို့နဲ့ မေးခွန်းတွေ မေးမြန်းဖို့လည်း ရှိနေပါတယ်။