Home
မြန်မာသတင်း
ကျောက်မဲတွင် တပ်သိမ်းမြေကြောင့် ဒေသခံတောင်သူများ အခက်တွေ့
နန်းမြနဒီ
·
June 7, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာမှာ မြန်မာ့တပ်မတော်က  ဒေသခံတွေ ပိုင်ဆိုင်တဲ့ ယာမြေတွေကို သိမ်းယူပြီး စည်းရိုးလာခတ်ထားတဲ့အတွက် လုပ်ကိုင် စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့  ရွာသားတွေက ပြောပါတယ်။ ကျောက်မဲကြီးရွာသား ၁၂ ဦး ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင် စားသောက်လာခဲ့တဲ့ ယာမြေနဲ့ နွားစာကျက်မြေ ဧကပေါင်း ၇၀ ကို ခမရ ၅၀၁ တပ်က လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကတည်းက  သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင်စစ်တပ်က ရွာသားတွေကို မြေကျူးကျော်မှုနဲ့ တရားစွဲခဲ့ပြီး အမှုအခင်းဖြစ်ရာမှာ စစ်တပ်ဘက်က ပုံစံ ၁၀၅ ပိုင်ဆိုင်မှု အထောက်အထားပြတဲ့အတွက် ရွာသားတွေဘက်က ရှုံးပြီး လျော်ကြေးပါပေးခဲ့ရတယ်လို့ မြေသိမ်းခံ တောင်သူ တဦးဖြစ်သူ နန်းခမ်းနော်က ဒီဗွီဘီကို ပြောပါတယ်။ “၂၀၁၄ မှာ စစ်တပ်မိသားစုတွေက အဲဒီမြေထဲ စဝင်လာတယ်။ သူတို့ ဝင်လာပေမယ့် ကျမတို့က ၂၀၁၇ ခုနှစ်အထိ ထွန်ယက်စက်ပျိုးခဲ့တယ်။ ၂၀၁၇ နောက်ပိုင်းမှာ သူတို့က မြေတွေ လာတိုင်းတယ်။ စည်းရိုးတွေ လာကာတယ်။ ပြီးတော့ တောင်သူတွေက တပ်ပိုင်မြေကျူးကျော် တယ်ဆိုပြီး ကျမတို့ကို တရားစွဲပါတယ်ရှင့်။ သူတို့ဘက်က မြေစာရင်းရုံးနဲ့ပေါင်းပြီး ပုံစံ ၁၀၅ မြေပိုင်ရှင်အထောက်အထားပြနိုင်လို့ ပြီးခဲ့တဲ့ ဧပြီလက တရားရုံးမှာ ကျမတို့ဘက်က ရှုံးတယ်။ ကျမတို့က ဘိုးဘွားစဉ်ဆက်လုပ်လာပေမယ့် စာရွက်စာတမ်းအထောက်အထားမရှိဘူး။ အဖိုးတို့ အဖေတို့ လက်ထက်လည်း မရှိဘူး။ ဘယ်သူမှလည်း လုပ်မပေးဘူး၊ ဒါကြောင့် မြေကျူးကျော်မှုနဲ့ ကျပ်ငွေ  ၃သောင်း ထပ်လျော်ရတယ်။ ပိုက်ဆံလျော်ပြီးပြီဆိုတော့ ကျမတို့က အဲဒီမြေပေါ်မှာ ဆက်လုပ်တယ်။ ဒီနှစ်အတွက် ပြောင်းဖူးစိုက်မလို့။ ပြီးခဲ့တဲ့ ၃ ရက်လောက်က မြေထွန်ထားတယ်။ စစ်တပ်ကလည်း ကျမတို့လုပ်မယ့်မြေပေါ်မှာ အပင်တွေ စိုက်ဖို့ ကျင်းလာတူးတယ်။ ကျမတို့လည်း စက္ကူပေါ် စာရေးပြီး ဟန့်တားတယ်။ မနေ့ကတော့ စစ်တပ်က ခြံစည်းရိုးကာဖို့ လာလုပ်နေပြီ ၊ ပြဿနာက အဲလိုဖြစ်နေတာပါရှင့်။” ရွာသားတွေဟာ ဒီမြေပေါ်မှာ မစိုက်ပျိုးရရင် ဝင်ငွေလည်း မရှိတော့တဲ့အတွက် စားဝတ်နေရေး၊ ကလေးတွေ ကျောင်းစရိတ်တွေကအစ အခက်အခဲရှိလာမှာဖြစ်လို့ ကူညီဖြေရှင်းပေးဖို့  ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကို သွားရောက်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်အမတ်က မြို့နယ်ထွေအုပ်ရုံးကို သွားပြောပြီး မြေတိုင်းဌာနနဲ့အတူ ကွင်းဆင်းစစ်ဆေးဖို့ရှိပေမယ့် စစ်တပ်က တိုင်းမှူးထံသို့တင်ပြပြီး တိုင်းမှူးခွင့်ပြုချက်ရမှ ဆင်းရ မယ်လို့ ပြောထားတယ်လို့လည်း ရွာသားတွေကပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်၊ ကျောက်မဲမြို့နယ် SNLD အမတ် ဦးစိုင်းထွန်းဥာဏ်နဲ့ မြေတိုင်းရုံးကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ Photo : Shan Tiger Hero
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024