DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်မှုများရပ်စဲရေး ရှမ်းပြည်တပ်မတော်မှ သမ္မတဦးသိန်းစိန်ထံ စာပို့
DVB
·
July 2, 2012
Donate to DVB

ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်ကြားမှာ တိုက်ပွဲတွေ မကြာခဏ ပြန်ဖြစ်နေတဲ့အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့က သမ္မတဦးသိန်းစိန်ဆီကို ဇူလိုင်လ ၁ ရက်နေ့စွဲနဲ့ စာတစောင် ပေးပို့လိုက်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားတဲ့အပေါ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဇွန်လ ၂၀ ရက်နေ့က မန္တလေးမြို့မှာ သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် ဇွန်လ ၃၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သမ္မတဦးသိန်းစိန်ဆီကို လိပ်မူပြီး စာတစ်စောင် ပေးပို့လိုက်တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“သမ္မတဆီ တရားဝင် ဗိုလ်ချုပ်ပန်ဖကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ မနေ့ညက ပို့ထားတယ်။ ပြဿနာ ကြီးထွားမလာစေဖို့၊ တပ်ကို ထိန်းပေးပါဆိုပြီး အကြောင်းကြားခဲ့တယ်လေ။ ပစ်ခတ်မှုတွေ သူတို့ဘက်က ရပ်ဆိုင်းပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့ အဲဒီအကြောင်းအရာတွေ အဓိကထားပြီး တင်ပြလိုက်တာပါ။”

ဒီတရက် နှစ်ရက်အတွင်း ပြန်လည်ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ ၁၇ ရက်နေ့က ဖြစ်ပွားတဲ့ နေရာတ၀ိုက်နဲ့ ၂ မိုင်အကွာမှာ ရှိနေပါတယ်။ ဇွန် ၃၀ ရက် ညနေ ၅ နာရီကျော်က စပြီး  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ရှိရာ (ကောင်းမိုက်ဟုန်း)  တောင်ကုန်းကို အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်ပစ်ခတ်မှုတွေ ည ၁၀ နာရီကျော်ထိ ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

အလားတူ မနေ့မနက် ၈ နာရီကျော်လောက်မှာလည်း အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပြန်ပစ်ခဲ့ရာက မနက် ၁၀ နာရီကျော်ထိ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်။ ဒီနေ့မနက်အစောပိုင်းမှာလည်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ်။ ဒီတခေါက်ဖြစ်ပွားတဲ့တိုက်ပွဲမှာ ရှမ်းပြည် တပ်မတော်ဘက်က ၄ ဦး ဒဏ်ရာရခဲ့တယ်။ အစိုးရတပ်ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိပေမယ့် အရေအတွက် မသိရဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒီဒေသတွင်း ပစ်ခတ်မှုမှာ အစိုးရတပ်ဘက်က ခမရ ၅၁၆ ၊ ခမရ ၅၁၇ ၊ ခမရ ၁၅၀နဲ့ ခလရ ၁၄၉ စတဲ့ တပ်ရင်းလက်အောက်ခံတွေ ဖြစ်ပြီး မိုင်းနောင်ဗျူဟာမှူး ကိုယ်တိုင် ပါဝင်တယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကတော့ တပ်မဟာ ၇ နဲ့ တပ်မဟာ ၃၆ ပေါင်း အင်အား ၅၀၀ လောက်က ခံတိုက်နေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဇွန် ၁၇ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ရွာသားတဦး လက်နက်ကြီး ထိမှန်သေဆုံးပြီင်္း ရွာသူတဦး လက်မောင်းမှာ ဒဏ်ရာရသွားခဲ့တယ်။ မနေ့ကအထိ အနီးအနားပတ်ဝန်ကျင်က နားလုံ၊ တောင်ဟျိုး၊ နမ်လပ်၊ နမ့်ပန် စတဲ့ ရွာ ပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အကြီးအကဲဆီ စာပို့ပြီးကာမှ ပစ်ခတ်မှုတွေ နောက်ထပ် ဖြစ်လာမယ်ဆိုရင် ရှမ်းပြည်တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး ပျက်ပြယ်တယ်လို့ ယူဆပြီး စစ်မျက်နှာ ပြန်ဖွင့်ရမယ်လို့ ဗိုလ်မှူးစိုင်းလက ဆက်ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဒီနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကြတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲပေါင်း  ၂၀ ကျော် ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

အပစ်အခတ်ရပ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာ  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ခုလို သုံးသပ်ပါတယ်။

“ကချင်မှာလည်း ငြိမ်းချမ်းရေးမရတာရယ်၊ အခု ရှမ်းပြည်မှာ အပစ်ရပ်ပြီးမှ တိုက်ပွဲတွေ ခဏ ခဏ ဖြစ်နေတာရယ်၊ ဒီအပေါ်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းအပေါ်မှာ သံသယတော့ ၀င်လာတာပေါ့လေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်နိုင်ဖို့က စစ်တပ်ဘက်ကနေ ၀ိုင်းဝန်းပြီးတော့ အားပေးကူညီစေချင်တယ်။ ဒီလိုမဟုတ်ရင် အခု တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ မြင်တယ်။”

ဒါ့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း “လူကြီးတွေက နှစ်ဖက်သဘောတူလုပ်ထားတာကို လေးစားဖို့လိုတာပေါ့။ လူကြီးတွေ သဘောတူထားတာကို အောက်ကလူတွေက လက်မခံဘူး။ လုပ်ချင်ရာလုပ်နေမယ်ဆိုရင် မြန်မာပြည်ကြီးက ဘယ်လိုငြိမ်းချမ်းမလဲ။ တယောက်တပေါက်လုပ်လို့ ဘယ်ဖြစ်မလဲ။ ကိုယ့်အဖွဲ့အစည်းတခုထဲ မစဉ်းစားပါနဲ့။ တတိုင်းပြည်လုံးအတွက် ငြိမ်းချမ်းရေးရဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ အားလုံး အလေးထားဆောင်ရွက်နေကြတယ်။ အဲ့အပေါ်မှာပဲ အာရုံထားဖို့ ကျနော်ပြောချင်ပါတယ်။”လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013