Home
မေးမြန်းခန်း
ဆဲဗင်းဇူလိုင် အခမ်းအနားတွေ တားမြစ်ခံရ
အေးနိုင်
·
July 2, 2012
ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပခွင့်ပြုလာပေမယ့် လာမယ့် ဇူလိုင် ၇ ရက်နေ့မှာကျရောက်မယ့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ပွဲကိုတော့ သက်ဆိုင်ရာက ကျင်းပခွင့်မပေးဘဲ လိုက်လံ တားမြစ်နေပါတယ်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဇူလိုင် ၇ ရက်နေ့ကျင်းပမယ့် အခမ်းအနားအပါအ၀င် မန္တလေးနဲ့ မုံရွာမြို့တွေမှာလည်း တားမြစ်ခံရတယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ လက်ထက်မှာ ကျောင်းသားထုရဲ့ သမိုင်းဝင် ဗကသ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ကျောင်းသားထု သွေးမြေကျခဲ့ရတာကို အစွဲပြုပြီး ကျောင်းသားထုက ဆဲဗင်းဇူလိုင် အခမ်းအနားတွေကို နှစ်စဉ် ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီလို တားမြစ်ခံရမှုနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလင်းထက်နိုင် ကို မေးထားပါတယ်။ အစိုးရက ခေါ်ပြောတယ်ကြားလို့ အခမ်းအနားနဲ့ ပတ်သက်ပြီးတော့လေ။ ဟုတ်လားဗျ။ “အစိုးရက ကျနော်တို့ကို ခေါ်ပြောတာ မဟုတ်ဘူးဗျ။ ကျင်းပမယ့် ခန်းမကို ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီး မလုပ်ဖို့ တားတာပါဗျ။ ကျနော်တို့ဆီကို တစုံတရာ လှမ်းတားတာတော့ မရှိပါဘူး။” ဘယ်နေရာမှာ လုပ်ဖို့ ပြင်ဆင်ထားတာလဲ။ “တော်ဝင်နှင်းဆီ ခန်းမမှာပါ။” ဘယ်မှာ ဆက်လုပ်ဖို့ရော စီစဉ်ထားလဲ။ အခုလောလောဆယ် အတိအကျတော့ မပြောနိုင်သေးဘူး။ အခုလက်ရှိ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က အဖွဲ့အစည်း ဖြစ်တဲ့အတွက် အဖွဲ့အစည်းဝင်တွေကို ပြန်ပြီး မနက်ဖြန်မှာ ဘယ်လိုလုပ်မယ်ဆိုတာကို အစည်းအဝေးလုပ်ပြီးမှ အသေးစိတ်ကို ပြောနိုင်မယ်ဗျ။ ဒါဆိုရင် တော်ဝင်နှင်းဆီက ဦးစိုးညွန့်ပိုင်တာမလား။ သူ့ကို မပေးနဲ့လို့ လာတားသွားတာလားဗျ။ ဟုတ်ပါတယ်။ မပေးနဲ့လို့ ပြောတာ မဟုတ်ဘူးဗျ။ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီး မည်သည့်ပွဲကိုမှ လက်ခံကျင်းပခြင်း မပြုလုပ်ဖို့။ လက်ခံ ကျင်းပမယ်ဆိုရင် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကနေ  ပြောတာပါ။ ဒါဆိုရင် ကျောင်းသားရယ်လို့ မဟုတ်ဘူး မည်သူမဆိုပေါ့။ “ဆဲဗင်းဇူလိုင်ကို တည်တာဗျ။ ဘယ်ပွဲကိုမဆို လုပ်နေကြတာပဲလေ။ အကုန်လုံးလည်း သိနေတာပဲ။ တော်ဝင်နှင်းဆီမှ မဟုတ်ဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ်လေ။ မည်သည့်ခန်းမ မဆို လုပ်လို့ရနေတာဗျ။ ဒီ ဆဲဗင်းဇူလိုင်ကိုပဲ တားတာဗျ။ ဒီမှာတင်မဟုတ်ဘူး။ မုံရွာမှာလည်း အတားခံရတယ်။ မုံရွာကျောင်းသားတွေက ဆဲဗင်းဇူလိုင်လုပ်ဖို့ ကြိုပြီးပြင်ထားတာလည်း တားခံရတယ်။ သံဃာတော်တွေကိုပဲ ဆွမ်းကပ်ပြီး အောက်မေ့ဖွယ် အခမ်းအနားလေးက ပြီးသွားတယ်ပေါ့။ မန္တလေးမှာလည်း အတားခံရတယ်။ မန္တလေးမှာကျတော့ ခေါ်တွေ့တာဗျ။ မန္တလေးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးကနေ မန္တလေးမှာ ရှိတဲ့ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်တွေကို မလုပ်ဖို့ တားတယ်ဗျ။” ဒါဆိုရင် အစိုးရရဲ့ မူဝါဒ တရပ်လို့ ပြောလိုရတယ်ပေါ့။ နေရာတိုင်းမှာ တားတယ်ဆိုတော့လေ။ ဟုတ်တယ်ဗျ။ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ရင် အစိုးရက ပြန်ပြီး အမှတ်မရစေချင်တဲ့ အနေအထားရှိတယ်လို့ ကျနော်မြင်တယ်ဗျ။ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး ကိုလင်းထက်နိုင်ရဲ့ အမြင်သဘောထား ပြောပြပေးပါ။ “ဒီပွဲကို ကျင်းပချင်တာ အဓိကက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀လောက်က ဆဲဗင်း ဇူလိုင်၊ ၇ ရက်၊ ၈ ရက်တွေ။ အဲ့ရက်တွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို နောက်မျိုးဆက် ကျောင်းသားတွေ အသိဝင်လာအောင်။ ဒီနေ့ဟာ ငါတို့ ကျောင်းသားထုတွေ မမေ့သင့်တဲ့နေ့ဖြစ်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ မွေးထုတ်ပေးခဲ့တဲ့၊ လွတ်လပ်ရေးကိုအရယူဖို့ စတင် ပေါက်ဖွားလာခဲ့တဲ့ ခေါင်းဆောင်တွေ နားခိုရာ၊ နေထိုင်ရာ၊ စည်းရုံးတိုင်ပင်ရာ၊ လေ့ကျင့်ရာ သမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ နေ့တရက်။ ဘယ်လိုမှ မေ့လို့မရတဲ့ နေ့ တရက်ဖြစ်တယ်ဆိုတာ အသိပေးချင်တာ။ ဒီ အသိကို ပြည်သူလူထုဆီ၊ ကျောင်းသားထုဆီ သယ်ချင်တာ။ ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားလုပ်ချင်ရတဲ့ ရည်ရွယ်ချက်က။ ကျနော်တို့ ရင်ထဲမှာ နှစ်ပေါင်းများစွာကြာသည့်တိုင် မမေ့မပျောက်ဘဲ ရှိနေသလိုပဲ စစ်အုပ်စု၊ စစ်အာဏာရှင်တွေကလည်း ဒီနေ့ကို မေ့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သမိုင်းမှာ သူတို့အမှားကျူးလွန်ခဲ့တယ်။ သူတို့အနေနဲ့ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းဝင် အမှားကြီးကို ကျန်တဲ့ မျိုးဆက်တွေ၊ လက်ရှိကာလမှာ နိုင်ငံတကာကိုရော၊ ပြည်သူလူထုကိုရော တတ်နိုင်သရွေ့အမှောင်ချချင်တယ်။ ဒါကြောင့် ကျနော်တို့က နှစ် ၅၀ ပြည့် အခမ်းအနားကို သမိုင်းလက်ဆင့်ကမ်းဖို့ လုပ်သလို သူတို့ကလည်း သူတို့ဘက်က ကြည့်ရင် သမိုင်းဆိုးကိုး။ ကျနော်တို့ဘက်ကကြည့်ရင်တော့၊ ကျနော်တို့အတွက် ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ ၀မ်းနည်းစရာကောင်းတဲ့ နေ့ တနေ့ပဲ။” ဒါဆိုရင် ဦးသိန်းစိန် အစိုးရလည်း အရင်လက်ထက်တွေတုန်းကလိုပဲ လက်ဆင့်ကမ်းပြီး တားနေတဲ့သဘောပေါ့။ “ဟုတ်တယ်ဗျ။ နိုင်ငံရေး ဟောပြောပွဲတွေ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လုပ်ဆောင်တာတွေ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးထားတာပဲ။ ဒါပေမယ့် အခုလိုမျိုးပွဲမျိုးကျတော့ လုပ်ခွင့်မရှိဘူး ဆိုတာကတော့ ဒီအစိုးရက ဒီမိုကရေစီစံနှုန်းကို ကျနော်တို့ မေးခွန်းထုတ်လို့ရပြီဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024