DVB Logo
Home
မြန်မာသတင်း
ကြုံတွေ့နေရသော အခက်အခဲများကို စီးပွားရေး လုပ်ငန်းရှင်များမှ လွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြဆွေးနွေး
DVB
·
July 2, 2012
Donate to DVB

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ စီးပွားရေး လုပ်ကိုင်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အားသာချက်နဲ့ အားနည်းချက်၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ရေးတွေကို တင်ပြ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လယ်ယာ၊ သားငါးကဏ္ဍ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အထွေထွေရေးရာ ကိစ္စရပ်များစတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ MRTV-4 သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက်နဲ့ ထုတ်လုပ်မှု စရိတ်မှာ ပြည်ပနိုင်ငံတွေ ထက် မြင့်မားနေတာ စတဲ့ ကြုံတွေ့နေရတာတွေကို တင်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက “အခုလို ကျနော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆွေးနွေးတယ်။ သတင်းပေးတယ်။ အဲအခါမှာ ပြည်သူဘက်က တာဝန်ကျေသွားပြီ။ ဒီတော့ ကျနော်တို့လွှတ်တော်ရဲ့ တာဝန်ဖြစ်လာပြီ။ ကျနော်တို့လွှတ်တော်ကလည်း ခံယူထားတာကလည်း ပြည်သူ့အသံ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ။ ပြည်သူ့လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရမယ် ဆိုတဲ့ စကားအတိုင်း အခုတင်ပြတာတွေကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်၊ လွှတ်တော်ကော်မတီများက ...။”

အဲဒီတွေ့ဆုံပွဲကို လွှတ်တော် ကော်မတီ ၃ ခုဖြစ်တဲ့ စီးပွားရေးနှင့် ကုန်သွယ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့ လွှတ်တော် အစည်းအဝေး မတိုင်ခင် တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှုအပေါ် စီးပွားရေးပညာရှင် ဦးမော်သန်းကို မေးမြန်းရာမှာ ကောင်းတဲ့ အလားအလာ ဖြစ် တယ်လို့ ပြောပါတယ်။

“လွှတ်တော်အတွက် သက်ဆိုင်ရာ မဲဆန္ဒရှင်တွေအတွက်၊ ကိုယ်စားလှယ်တွေ အသီးသီးတော့ ရှိတယ်။ ကိုယ့် မဲဆန္ဒရှင်၊ ပြည်သူလူထုက ဘယ်လိုဆန္ဒရှိလဲဆိုတဲ့ သဘောကို ရောင်ပြန်ဟပ်ပြီး လွှတ်တော်မှာ တင်ပြနိုင်ရမယ်။ ဒီအပြင်လည်းပဲ လွှတ်တော် ၃ ခုကနေ တိုက်ရိုက်လာပြီးတော့ အခုလို ပြည်သူလူထုရဲ့ ခံစားချက် နားထောင်တယ်ဆိုတော့ ကောင်းပါတယ်။”

ဒီတွေ့ဆုံပွဲကို သူ မတက်ရောက်နိုင်ခဲ့ပေမယ့် တက်ရောက်ဖြစ်မယ်ဆိုရင် ဘာတင်ပြ မလဲလို့ မေးမြန်းခဲ့ရာမှာ သူက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြောဖြစ်မှာပေါ့။ နိုင်ငံခြားကနေ ကိုယ့်တိုင်းပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာတွေ အများကြီးရှိတယ်။ သူတို့ မျှော်လင့်တကြီးနဲ့ ဒီမှာလာပြီး စနည်းနာတယ်။ စုံစမ်းထောက်လှမ်းပြီးတော့ အလုပ်ဖြစ်မသွားမှာ စိုးရတယ်လေ။ လုပ်ရကိုင်ရတဲ့အခါမှာ အဟန့်အတားတို့ အခက်အခဲတို့ရှိရင်တော့ အလုပ်ဖြစ် မှာမဟုတ်ဘူးပေါ့။ စိုးရိမ်စရာ ရှိတာပေါ့။ အဲ့အကြောင်းမျိုးတွေ တင်ပြဖြစ်မှာပါ။” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လုပ်တဲ့ပြုပြင်ပြောင်းလဲရေးတွေကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ပြီး မြန်မာပြည်တွင်းကို ၀င်ရောက် လုပ်ကိုင်ဖို့ စိတ်ဝင်တစား ရှိနေတာ မြင်တွေ့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို မက်လုံးပေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက မထွက်သေးဘဲ ဖြစ်နေသလို နိုင်ငံရေးသြဇာရှိတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ့် ဒီမိုကရေစီရေးအတွက် အကျိုးပြုမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့ ဖိတ်ခေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013