ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ပြည်ပထွက်ဆေးကုသမှုခံယူမည်
DVB
·
July 2, 2012
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ဆေးကုသမှု ခံယူဖို့ ဒီနေ့ ညနေမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထိုင်း နိုင်ငံတကာ လေကြောင်းလိုင်း(တီဂျီ)နဲ့ ထွက်ခွာဖို့ရှိတယ်လို့ သူ့ရဲ့ပါတီက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
[caption id="attachment_18119" align="alignright" width="300" caption="ခွန်ထွန်းဦး"][/caption]
ဦးခွန်ထွန်းဦးဟာ ဒူးဆစ်နဲ့ ခါးအရိုးကျီးပေါင်းတက်ရောဂါတွေ ကုသဖို့ရှိပြီး ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာကြောင့် ပြည်ပထွက်ပြီး ဆေးကုသမှု ခံယူတာဖြစ်တဲ့ အကြောင်း ဒါပေမယ့် စိုးရိမ်စရာတော့မရှိဘူးလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ဒီဗွီဘီကို ပြောပါတယ်။
အသက် ၆၉ နှစ် အရွယ် ဦးခွန်ထွန်းဦးဟာ တခြား ရှမ်းခေါင်းဆောင်တွေနဲ့ အတူ ထောင်ဒဏ်နှစ် ရှည်ကျခံထားရာကနေ ၂၀၁၂ ဇန်န၀ါရီလမှာ ပူတာအို ထောင်ကနေ ပြန်လည် လွတ်မြောက်လာတာပါ။
ထောင်ထဲမှာ ကာလရှည်ကြာနေခဲ့ရမှုနဲ့ ရာသီဥတုဆိုးရွားမှုဒဏ်တွေကြောင့် အာရုံကြော အားနည်းတဲ့ရောဂါ၊ ဆီးကျိတ်နာ၊ အစာအိမ်နာ စတဲ့ရောဂါတွေလည်း ခံစားခဲ့ရပါတယ်။
ထိုင်းနိုင်ငံသွားမယ့် ခရီးစဉ်ဟာ ထောင်က လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် ပြည်ပကိုသွားခွင့်ရတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ကို ဧပြီလ ကတည်းက လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရတဲ့အတွက် ပြည်ပကို သွားရောက် ဆေးကုသမှု ခံယူရတာလည်း ဖြစ်ပါတယ်။