DVB Logo
Home
မြန်မာသတင်း
အလုပ်သမားတွေ ဖမ်းပြီးပြန်မပို့ဖို့ မြန်မာက ထိုင်းကို တရားဝင်ပြော
DVB
·
July 1, 2012
အလုပ်သမားတွေ ဖမ်းပြီးပြန်မပို့ဖို့ မြန်မာက ထိုင်းကို တရားဝင်ပြော
Donate to DVB

တရားမ၀င် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးပြီး ပြန်ပို့တာမျိုး မလုပ်ဘဲ မြန်မာ သံရုံးကို အကြောင်းကြားပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို တရားဝင် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နဲ့ ထိုင်းနိုင်ငံ အလုပ်သမား ဒု-၀န်ကြီး ဆုံကီရက် ချာယာ ၀ရီဒေါင်းတို့ ဇွန် ၂၉ ရက်က ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး ဆွေးနွေးကြရာမှာ မြန်မာဘက်ကအခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁ သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့ပေမယ့်၊ လုပ်ဖို့ကျန်နေသေးတဲ့ အလုပ်သမား ၁ သန်းလောက် ကျန်ရှိနေပါတယ်။ ကျန်နေသေးတဲ့ အလုပ်သမားတချို့ကို ထိုင်းတပ်ဖွဲ့တွေကဖမ်းပြီး မဲဆောက်နယ်စပ်ကို တနေ့ ၁၀၀ လောက် ပြန်ပို့နေတဲ့အတွက် လူမှောင်ခို မသမာသူတွေလက်ထဲကို ရောက်သွားကြတဲ့ အကြောင်း  စုံစမ်းသိရှိရလို့ စိတ်ပူမိတယ်။ ဒါကြောင့် အဲ့ဒီလိုဖမ်းပြီး ပြန်ပို့တာမျိုး မလုပ်ဘဲ မြန်မာသံရုံးကို အကြောင်းကြားပေးပါလို့ မြန်မာဘက်က ပြောဆိုဆွေးနွေးခဲ့တာပါ။

ထိုင်းဘက်က တရားမ၀င်မြန်မာအလုပ်သမားတွေကို ဖမ်းပြီး ပြန်ပို့ရာမှာ သက်ဆိုင်ရာထံ မပို့ဘူးလို့  ထိုင်းအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်က ဦးစိန်ဌေးက ပြောပါတယ်။

“သူတို့က နယ်စပ်ဒေသကနေ ပြန်ပို့နေတာပဲ။ အဲဒီနယ်စပ်တွေမှာ ပြန်ပို့နေတာက ထိုင်းဘက်က မြန်မာအစိုးရဆီကို တိုက်ရိုက်ပြန်မပို့ဘဲနဲ့ ကြားက ပွဲစားတွေ လက်ထဲ ရောက်သွားတော့ လူကုန်ကူးမှုတွေက ဖြစ်လာတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးရတာတွေပေါ့။ ဒါတွေဖြစ်နေတာကတော့ ၁၀ စုနှစ်နဲ့ချီ ကြာနေပါပြီ။ ပွဲစားတွေဆီကနေ တယောက်ကို ဘတ် ၂၀၀၀ လောက်နဲ့ ပြန်ရွေးပေးရတယ်။ ပြန်မရွေးရင် သူတို့ကို ရောင်းစားတာတွေ လုပ်တယ်။ အဲဒီလိုမျိုး မဖြစ်အောင် အစိုးရဆီ တိုက်ရိုက်ပို့ပေးဖို့ဆိုတာကို ၂ နိုင်ငံ ကြားမှာ စပြီးဆွေးနွေးတယ်လို့ ကြားရတယ်။”

ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က တရားမ၀င် မြန်မာအလုပ်သမားတွေ တရားဝင် ဖြစ်လာဖို့အတွက်  မြန်မာအစိုးရအနေနဲ့ နိုင်ငံကူးလက်မှတ်များ အမြန်ဆုံး ထုတ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဇူလိုင် ၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးစိန်ဌေး ကတော့ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ပေးရာမှာ နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်း လျင်လျင်မြန်မြန်နဲ့ ထင်သာမြင်သာ ရှိရှိ ဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ၂ နိုင်ငံ အစိုးရက ပွင့်လင်းမြင်သာမှုနဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတာပေါ့။ ပြီးခဲ့တဲ့ ကာလတွေမှာ လုပ်ဆောင်တာတွေက ပူးပေါင်း ညှိနှိုင်းမှုအပိုင်းမှာ အားနည်းမှုတွေရှိသလို ညှိနှိုင်းပြီးတဲ့အခါမှာလည်း အကောင်အထည်ဖော် လိုက်နာဆောင်ရွက်မှုတွေ အပိုင်းမှာလည်း အားနည်းမှုတွေ ရှိနေတော့ ဒါ ၂ နိုင်ငံလုံးကနေ ဒီအကြောင်းအရာကို မြန်မြန်ဆန်ဆန်နဲ့ ပြောပြီးဆိုပြီးရင် ပြောထားတဲ့အတိုင်း တကယ်ဖြစ်အောင်လုပ်ဖို့ လိုအပ်တာပေါ့။”

မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သမားတွေနည်းတူ လုပ်ခလစာ ခံစားခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်း ဒု-၀န်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပြီး၊ အခုလို မြန်မာအလုပ်သမားတွေဘက်က ရပ်တည်ပြောကြားခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီးက ထိုင်းအလုပ်သမားဒု-၀န်ကြီးနဲ့ ဆွေးနွေးရာမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013