Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အပြန်ခရီး လူထုသောင်းချီ ကြိုဆိုရန် ပြင်ဆင်
နေသွင်
·
June 29, 2012
ဥရောပ ခရီးကနေ ပြန်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူထောင်သောင်းချီ ကြိုဆိုဖို့ ပြင်ဆင်နေကြ ပါတယ်။ စနေနေ့ မနက် ၈ နာရီဝန်းကျင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ်ကို ပြန်ရောက်တဲ့ အခါမှာ Generation Wave ခေါ်တဲ့ ကိုဇေယျာသော်ရဲ့ အဖွဲ့က လူငယ်တွေ အပါအ၀င်၊ လူထောင်သောင်းချီပြီး ကြိုဆိုဖို့ ပြင်ဆင်ထားတဲ့ အခြေအနေကို  မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ကိုနေမျိုးဇင်က ပြောပါတယ်။ “ကျနော်တို့က G Wave ရော၊ ပရဟိတ လူငယ်အဖွဲ့တွေရော၊ အနုပညာရှင်တွေရော ချိတ်ဆက် ခေါ်ထားပါတယ်။ အင်အားဘယ်လောက် ဆိုတာတော့ ပြောလို့မရဘူးပေါ့။ လာမယ်ပြောပြီး မလာမှာတို့၊ မလာဖြစ်ဘူး ထင်ပြီး ရောက်လာတာတို့လည်း ရှိနိုင်တယ်လေ။ သေချာတာတော့ အများကြီးပဲ။ ပုသိမ်၊ မန္တလေး၊ တိုက်ကြီး၊ ဥက္ကံတို့ဘက်ကရော အဖွဲ့တွေနဲ့ ကြိုဖို့ ချိတ်ဆက် ထားပြီးပါပြီ။ အကုန်လုံးက တခမ်းတနား ကြီးကြီးကျယ်ကျယ် လာကြိုကြဖို့ကတော့ သေချာပါ တယ်။ အေးအေးဆေးဆေးဖြစ်ဖို့ပဲ အားလုံးတိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ တည်ငြိမ်မှု ပျက်ပြားစေမှာတွေ မလုပ်ဖို့ ပြည်သူလူထုက စောင့်ထိန်းရမှာတွေ ရှိပါတယ်။ ဒါတွေ အတွက်လည်း ကျနော်တို့ လိုက်ပြီးတော့ ကြိုတင် နှိုးဆော် တောင်းပန်ထားပါတယ်။ ဒါမျိုး မဖြစ်ဖို့လေ။” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်ရုံးက ကြိုဆိုရေး အထူးတလည် စီစဉ်ထားတာ မရှိဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေကို စီစဉ်ထားတယ်လို့ ပါတီဗဟိုက ဦးဝင်းထိန်က ပြောပါတယ်။ ကြိုဆိုရေး စီစဉ်သူတွေကလည်း လမ်းပိတ်တာတွေ မဖြစ်အောင် ကြိုတင် စီစဉ်ထားတယ်လို့ ပြောပါ တယ်။ “ညတွင်းချင်း အုန်းအုန်းနဲ့ဆိုရင် မနက်ကျ ကားတွေ တန်းစီပြီး ထွက်မလာဘူးလို့  ပြောလို့ မရဘူးပေါ့နော်။ အဲဒီလို မဖြစ်အောင်လို့လည်း အသံလွှင့်မီဒီယာကတဆင့် တောင်းပန်လိုက်ပါတယ်။ လက်ရှိအေးချမ်းစွာ သွားလာနေတဲ့ ယာဉ်ကြောတွေ မပိတ်ဆို့အောင် ကိုယ်စီ အသိတရားနဲ့လုပ်ပေးပါ။ ပိတ်ဆို့နိုင်မယ်လို့ ထင်ရင် ကိုယ့်ရဲ့ ယာဉ်တွေကို တခြားတနေရာမှာ ရပ်ထားခဲ့ပြီး လမ်းလျှောက်ပြီး လာမယ်ဆိုရင် အုပ်ချုပ်သူအဖွဲ့အစည်း အတွက်ရော၊ ခရီးသွားပြည်သူအတွက်ရော အနှောင့်အယှက် မဖြစ်နိုင်ဘူးဗျ။ စည်းကမ်းရှိစွာနဲ့ အားလုံး မြော်မြင်ဆင်ခြင်မှုနဲ့ လုပ်သွားမယ်ဆိုရင် အားလုံး အေးဆေး ဖြစ်သွားမှာပါ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဥရောပ ခရီးစဉ် အတွင်းမှာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ အင်္ဂလန်နဲ့အတူ ပြင်သစ်နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောပနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အားစုတွေနဲ့လည်း တွေဆုံခဲ့ ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနဲ့ အတူ ဗြိတိန်နိုင်ငံ အောက်စဖို့စ် တက္ကသိုလ်တွေက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီး က ပေးအပ်ချီးမြှင့်တဲ့ ဆုတွေကို လက်ခံရယူခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024