Home
မြန်မာသတင်း
ကုလသမဂ္ဂအမှုထမ်းများကို ဖမ်းဆီးထားခြင်းမရှိဟု ပြည်နယ်အစိုးရ ပြောကြား
DVB
·
June 29, 2012
ကုလသမဂ္ဂနဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့တွေက  အမှုထမ်းတွေကို  မြန်မာအာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေတယ် ဆိုတဲ့သတင်းတွေဟာ မဟုတ်မမှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ငြင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်းမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက အမှုထမ်းတချို့ဟာ  အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာ အွန်လိုင်းမှာ ရေးသားဖော်ပြလိုက်တာပါ။ ဖမ်းဆီးခံထားရသူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က အမှုထမ်း ၃ ဦးနဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က အမှုထမ်း ၆ ဦးတို့ဖြစ်ပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အကြောင်း သူတို့ဟာ    ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်းက မတူတဲ့အချိန်၊ မတူတဲ့ နေရာတွေမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒီအဖွဲ့အစည်းတွေက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ  ပြောကြားခဲ့တဲ့ အကြောင်း သတင်းမှာ ရေးပါတယ်။ ဒါပေမယ့် ဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘယ်သူ့ကိုမှ တားဆီးပိတ်ပင်တာ၊ ဖမ်းဆီးတာ မရှိဘူးလို့ ရခိုင်ပြည်နယ်အစိုးရ  ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။ “သူတို့တွေက ဒီမှာနှစ်ပေါင်းများစွာလုပ်နေတာပဲ။ သူတို့ကို ဘယ်သူက ထိန်းသိမ်းမှာလဲ။ ကျနော်တို့ အစိုးရအနေနဲ့တော့ ဘာမှမရှိဘူး။ ဘယ်သူ့ကိုမှလည်း မတားဘူး။ အခုလည်း ယူနီဆက်ဖ်၊ ယူအန်ဒီပီက အဖွဲ့တွေ ရောက်နေတာပဲ။ ကျနော်တို့ နယ်စည်းမခြား ဆရာဝန်တွေ ဖမ်းတာလည်း မကြားဘူး။ ဖမ်းလည်း မဖမ်းပါဘူး။ မသွားရဘူးလို့ ပြောတာလည်း တခုမှ မရှိပါဘူး။ ကျနော်က သူတို့ကိုတောင် ပြန်မေးချင်တယ်။ အတိအကျပြောပါ။ မတိကျဘဲ အဲ့လို လျှောက်ပြောနေရင် ကျနော်တို့ အစိုးရကို သို့လော သို့လော သူများတွေ ထင်တာတော့ မကောင်းပါဘူးခင်မျာ။ အခုအချိန်ထိ ဘယ်ကယ်ဆယ်ရေးအဖွဲ့ကိုမှ မသွားရဘူးလို့ အမိန့်မထုတ်ဘူး။ ဘယ်သူ့ကိုမှလည်း တားဆီးခြင်း မရှိပါဘူး။” ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးကို မေးမြန်းစုံစမ်းကြည့်တဲ့အခါမှာလည်း ဖမ်းဆီးခံနေရတဲ့ အမှုထမ်းတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ရေရေရာရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတဦးကတော့ ဖမ်းဆီခံထားရတယ်ဆိုတဲ့ သူတို့ရဲ့ အမှုထမ်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေကို သိရဖို့ အစိုးရဆီ စာပို့ထားတဲ့ အကြောင်းနဲ့ အစိုးရဆီက  အကြောင်းပြန်ချက် မရသေးဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024