DVB Logo
Home
မြန်မာသတင်း
တောင်ငူ ဗကသ ခေါင်းဆောင်၏ မိသားစု ဖိအားပေးခံရ
DVB
·
June 29, 2012
တောင်ငူ ဗကသ ခေါင်းဆောင်၏ မိသားစု ဖိအားပေးခံရ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တောင်ငူခရိုင် ဥက္ကဋ္ဌ ကိုကောင်းထက်ကျော်ရဲ့ မိသားစုတွေကို ဒေသအာဏာပိုင်တွေက ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီတပတ်အစောပိုင်းမှာ ဖွဲ့လိုက်တဲ့ တောင်ငူခရိုင် ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့နောက်မှာ ဖြူးမြို့မှာနေတဲ့ မိသားစုကို ဒေသခံ ရဲစခန်းက ခေါ်ယူသတိပေးခဲ့တယ်လို့ ဓာတုဗေဒ ပထမနှစ်ကျောင်းသား ကိုကောင်းထက်ကျော်က ပြောပါတယ်။

“၂၁ ရက်နေ့က ကျနော့်အဖေကို ဖြူးမြို့ ခရိုင်ရဲစခန်းကနေခေါ်ပြီးတော့ ခင်ဗျားသားကတော့ ခရိုင်နေရာ တာဝန်ယူထားတယ် ဆိုပြီး ခေါ်ပြောတယ်။ သူက အဓိကကတော့ ပြောတာကတော့ သန်းခေါင်စာရင်း ယူလိုက်တာပဲ။ ခင်ဗျားသား ဒီနေရာယူထားတဲ့အတွက် အချိန်မရွေး ဖမ်းလို့ရတယ် ဆိုပြီး ခြိမ်းခြောက်တဲ့ ဖိအားပေးတဲ့ စကားပြောလာတယ်။”

အခုလို ဖိအားပေးခံရပေမယ့် သူ့အနေနဲ့တော့ ကျောင်းသား အခွင့်အရေးအတွက် လုပ်ဆောင်စရာ ရှိတာတွေကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ကိုကောင်းထက်ကျော်က ပြောပါတယ်။

“ကျနော်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ သမ္မတကြီးပြောတာက နောက်ကြောင်းပြန်လှည့်တဲ့သူတွေကို ထားခဲ့မယ်ပေါ့။ နောက်ကြောင်းပြန်မယ့်သူတွေက အခုအချိန်ထိ ရှိနေသေးတယ်။ အခုဖြစ်တာကလည်း နောက်ကြောင်းပြန်တဲ့သဘောပဲ။ အရပ်သားအစိုးရ တက်လာလည်း တနှစ်ကျော်သွားပြီ၊ ကျနော်တို့ ကျောင်းသားတွေအတွက် လွတ်လပ်ခွင့်လည်း မပေးဘူး။ ဘာမှလည်း မလုပ်ပေးဘူး။

“ပြုပြင်ပြောင်းလဲချင်တာက တကယ်ပဲ ပြုပြင်ပြောင်းလဲ ချင်တာလား၊ ဒါမှမဟုတ် အရာတခုကို မျှော်ကိုးပြီး ပြုပြင်ပြောင်းလဲတာလားဆိုတာ ကျနော်တို့ ကျောင်းသားထုအနေနဲ့ စဉ်းစားစရာ ဖြစ်လာတယ်။ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ကျနော်တို့ ကျောင်းသားတွေကို လွတ်လပ်ခွင့်ပေးပါ၊ လုပ်ပိုင်ခွင့်ပေးပါ။ ကျနော်တို့ကျောင်းသားတွေက မတရားသော နည်းလမ်းကို ကျင့်သုံးနေတာ မဟုတ်ဘူး။ လူထုကို အကျိုးမပြုတဲ့ လုပ်ငန်းတွေ လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ အဆင့်နိမ့်တဲ့ ပညာရေးကို ပြုပြင်ဖို့ ဗကသ ကို ဖွဲ့ရတာ ဖြစ်တယ်။ ဒီ ဗကသ အဖွဲ့ကြီးဟာလည်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယှဉ်တွဲပြီးတော့ ခေတ်မီဖွံ့ဖြိုးတဲ့ ပညာရေးစနစ်ကြီးဆီကို သွားမှာ ဖြစ်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။”

အရင်အစိုးရ လက်ထက်က ကျောင်းသားသမဂ္ဂ လှုပ်ရှားသူတွေကို ဖမ်းဆီး ထောင်ချတာတွေ ရှိခဲ့ပေမယ့် အစိုးရသစ်တက်လာတဲ့နောက်ပိုင်း ဒီနှစ်ဆန်းကစလို့ ပြည်နယ်နဲ့တိုင်းတွေမှာ ဗကသ အဖွဲ့ခွဲတွေ ပြန်လည်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013