DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် မြန်မာ့ရုပ်သေး ပြသမည်
DVB
·
June 29, 2012
နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် မြန်မာ့ရုပ်သေး ပြသမည်
Donate to DVB

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ နိုင်ငံတကာ ရုပ်သေးပွဲတော်မှာ မြန်မာနိုင်ငံက ထွေးဦးမြန်မာ ရိုးရာ ယဉ်ကျေးမှု ရုပ်သေးအဖွဲ့က သွားရောက်တင်ဆက်မှာ ဖြစ်ပါတယ်။ နှစ်စဉ် ဇွန်-ဇူလိုင်လတွေမှာ ကျင်းပနေကျ နွေရာသီဈေးပွဲတော်ကို ဒီနှစ် ၁၆ ကြိမ်မြောက် ကျင်းပရာမှာ ပထမဆုံးအကြိမ် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ထည့်သွင်းတာ ဖြစ်ပါတယ်။

ဒူဘိုင်းမြို့ရဲ့ နာမည်ကျော် Shopping Mall တခုဖြစ်တဲ့  Mirdif City Centre မှာ ဇူလိုင် ၆ ရက်မှ ၁၄ ရက်အထိ ရုပ်သေးပွဲတော် ကျင်းပမှာဖြစ်ပြီး မြန်မာရုပ်သေးအဖွဲ့က တကြိမ်ကို နာရီဝက်ကြာ တရက်ကို နှစ်ကြိမ် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ နိုင်ငံတကာက ရုပ်သေးသဘင်အဖွဲ့တွေလည်း လာရောက် ကပြမှာ ဖြစ်ပါတယ်။

သူတို့အဖွဲ့က ရိုးရာသမားစဉ် အကတွေ၊ ကြည်နူးပျော်ရွှင်စရာ အကတွေ ပေါင်းစပ် တင်ဆက်မယ် လို့ ထွေးဦးမြန်မာ ရုပ်သေးသဘင်ရဲ့ ဒါရိုက်တာ ဦးခင်မောင်ထွေး က ပြောပါတယ်။

“မြန်မာ့ရုပ်သေးကို မိတ်ဆက်ချင်တာပေါ့၊ နိုင်ငံတာကာ ရုပ်သေးစုံမှာ လက်ထိုး ရုပ်သေးက ဘယ်လို၊ တုတ်ထိုးရုပ်သေးက ဘယ်လို၊ ကျနော်တို့ မြန်မာကြိုးဆွဲ ရုပ်သေးက နာမည်ကြီးတာကို၊ မြန်မာ့ကြိုးဆွဲ ရုပ်သေးကို ပြချင်တာဆိုတော့ ကျနော်တို့က မြန်မာ့ကြိုးဆွဲရုပ်သေးရဲ့ ပုံမှန်အတိုင်း မြင်းအက၊ ဂဠုန် နဂါး အက၊ ငှက်ကြီးဝန်ပိုနဲ့ ငါး အက၊ ဘီလူးအက၊ မျောက်အက စသည်ဖြင့် တိရစ္ဆာန်အကလေးတွေ ပါမယ်။ ဇော်ဂျီအက၊ ဦးရွှေရိုး-ဒေါ်မိုးနဲ့ အိုးစည်ဒိုးပတ်ဝိုင်းလေး၊ ပွဲစထွက်ထွက်ချင်းမှာ နတ်ကတော် အကနဲ့ အပျိုတော်ယိမ်း၊ စသည်ဖြင့် နာရီဝက်လေး မှာ မြိုင်မြိုင်ဆိုင်ဆိုင်လေး ကြည့်ရအောင် စီစဉ်ထားတယ်။”

နှစ်စဉ် ကျင်းပနေတဲ့ ဒီပွဲတော်မှာ ဈေးဝယ်ထွက်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၄ သန်းခန့်ကို ဆွဲဆောင်နိုင်တယ်လို့ သတင်းတွေက ရေးနေပြီး အဲဒီကာလအတွင်းမှာ အစိုးရက ဟိုတယ်ခန်းတွေ ကို လျှော့ပေါ့ပေးတာအပါအ၀င် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆွဲဆောင်ပါတယ်။

မြန်မာ့ရုပ်သေးလောကဟာ ဆန်းသစ်တီထွင်မှုတွေလုပ်ဖို့ လိုနေသလို နိုင်ငံတော်ပိုင်း ကလည်း မြန်မာ့ရုပ်သေးသဘင်ကို ထောက်ပံ့ကူညီမှုတွေ လုပ်ပေးဖို့ လိုနေတယ်လို့ ဦးခင်မောင်ထွေး က ပြောပါတယ်။

လက်ရှိကာလမှာ နိုင်ငံတကာခရီးသည်တွေ ၀င်ရောက်စပြုနေပြီဖြစ်လို့ ခရီးသွားလုပ်ငန်းနဲ့ အစိုးရက ထောက်ပံ့မယ် ဆိုရင် မြန်မာ့ရုပ်သေးသဘင် တခေတ်ဆန်းမှာ သေချာပါတယ်လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ကျနော်တို့ မြန်မာ့ရုပ်သေးကလည်း မြန်မာ့ဂုဏ်ဆောင် ယဉ်ကျေးမှု အနုပညာတရပ်အနေနဲ့၊ လာတဲ့ ဧည့်သည်တွေကို ငါတို့ မြန်မာ့ယဉ်ကျေးမှု တကယ့်ကို ကိုယ်ပိုင်ပစ္စည်း၊ ဘိုးဘွားအမွေအနှစ်အဖြစ် ကမ္ဘာမှာ ကျန်တဲ့ရုပ်သေးတွေထက်ကို ငါတို့မြန်မာ့ရုပ်သေးက သာတယ်ဟေ့လို့ သိသွားအောင် ပြရမယ့်အချိန်လို့ မြင်ပါတယ်။ နောင်တချိန်မှာ မြန်မာပြည်ကို ရုပ်သေးကြည့်ဖို့ သွားရအောင်ဆိုတဲ့ ခရီးသွားခေတ်မျိုး ပေါ်ထွန်းလာအောင် ကျနော်ကတော့ ဖြစ်စေချင်တယ်။”

ဖိတ်ကြားတဲ့ ယူအေအီးနိုင်ငံက ထွေးဦးမြန်မာရုပ်သေးသဘင်ရဲ့ သွားလာ တည်းခိုစရိတ်တွေအပြင် အနုပညာဂုဏ်ပြုကြေးပါ ထိုက်ထိုက်တန်ပေးတယ်လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ဖျော်ဖြေမယ့်အဖွဲ့ထဲမှာ ဦးခင်မောင်ထွေး၊ဦးမောင်ကြည်၊ ဒေါ်တင်တင်ဦး၊ ဒေါ်တင်နန်းမြင့်(ခ)နန်းတင် နှင့် ဒေါ်ချိုချိုစန်း စုစုပေါင်း ၅ ဦး သွားရောက်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ မြန်မာ့ရုပ်သေးရဲ့ အခန်းကဏ္ဍ ဘယ်အဆင့်လောက်မှာ ရှိနေပြီလဲ။ ဦးခင်မောင်ထွေးနဲ့ မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။



Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013