Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် နည်းဥပဒေ မထုတ်ပြန်နိုင်သေးသည့်အပေါ် မေးခွန်းထုတ်
Aung Ko Latt
·
June 1, 2018
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေမှာ နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေးတဲ့အပေါ် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂ နှစ်တာကာလအတွင်း လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ အနည်းဆုံး ၈ ခုရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဘက်က နည်းဥပဒေရေးဆွဲနိုင်ခြင်းမရှိသေးဘဲ ကြန့်ကြာနေတဲ့အပေါ် တိုင်းလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တဦးက ဇွန်လ ၁ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၀ ရက်မြောက်နေ့မှာ မေးခွန်းမေးမြန်းခဲ့တာပါ။ “အဓိကကတော့ ရေးရာကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ မေးမြန်းခဲ့တာပေါ့။ ဥပဒေတော့ ထွက်ထားတယ်။ ဒါပေမယ့် နည်းဥပဒေ မထွက်နိုင်သေးတော့ ဥပဒေပြဋ္ဌာန်းထားပေမယ့် အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူး။ ဒါကြောင့် လက်တွေ့မှာ လုပ်ဆောင်ရတဲ့အခါ ပြဿနာတွေ ကြုံတွေ့လာရတယ်။ ဒါကို ပြည်သူတွေက ရေးရာကော်မတီကို စာတင်တာတွေ ရှိတယ်။ အဲဒါကြောင့် ကော်မတီကဆုံးဖြတ်ပြီး မေးခွန်းမေးမြန်းခဲ့တာပါ” လို့ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမြင့်ထွေးက ဒီဗွီဘီကိုပြောပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သက်တမ်း ၂ နှစ်တာကာလအတွင်း ရေချိုငါးလုပ်ငန်းဥပဒေ၊ အသေးစားချေးငွေလုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျရေးဆွဲရေးဥပဒေ၊ စာကြည့်တိုက်များဥပဒေနှင့် ပြတိုက်များ ဥပဒေ၊ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် ဒေသန္တရ စီမံကိန်းဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ဥပဒေတွေ မပြဋ္ဌာန်းနိုင်ရတဲ့အပေါ် တိုက်ရိုက်ဖြေကြားတာမျိုး မဟုတ်ဘဲ ဥပဒေတခုချင်းစီရဲ့ လုပ်ဆောင်နေတဲ့အပိုင်းတွေကို ပြန်လည်ဖြေကြားသွားပြီး နည်းဥပဒေတွေ အမြန်ဆုံးရေးဆွဲတင်ပြနိုင်ရေး လုပ်ဆောင်သွားမယ်လို့ လွှတ်တော်မှာ ပြန်လညဖြေကြားသွားပါတယ်။ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲက စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေကိုတော့ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် အချက်ရှိပါက အဆိုတင်သွင်းနိုင်ကြောင်းကို ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၉ ရက်မြောက်နေ့က လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ၂၅ ခုရှိခဲ့ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာတော့ ရေချိုငါးလုပ်ငန်းဥပဒေ၊ အသေးစားချေးငွေလုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျရေးဆွဲရေးဥပဒေ၊ စာကြည့်တိုက်များဥပဒေနှင့် ပြတိုက်များဥပဒေ၊ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် ဒေသန္တရ စီမံကိန်းဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သလို တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေမူကြမ်းကိုလည်း လွှတ်တော်မှာ တင်သွင်းဆွေးနွေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024