နီကာရာဂွါနိုင်ငံ အစိုးရဆန္ဒပြပွဲအတွင်း လူတချို့သေ၊ အများအပြား ဒဏ်ရာရ

မေလ ၃၀ ရက်နေ့က နီကာရာဂွါနိုင်ငံ မြို့တော်မနာဂွါက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် လူတချို့သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲအတွင်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသွားသူတွေရဲ့ မိခင်တွေဦးဆောင်တဲ့ ချီတက်ဆန္ဒပြမှုကို မေလ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ နီကာရာဂွါမှာ အစိုးရက လူမှုဖူလုံရေးစနစ်အပြောင်းအလဲတွေကို ကျောင်းသားတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့တာ တစ်လကျော်လာခဲ့ပြီဖြစ်ပါတယ်။ အခုဆန္ဒပြသူတွေက သမ္မတ အော်တီဂါအစိုးရအဖွဲ့ကို ဆန္ဒပြသူတွေ သေဆုံးမှုကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြနေတာဖြစ်ပြီး အစိုးရကတော့ လက်ခံခြင်းမရှိပါဘူး။ “ကိုယ်ရဲ့သားသမီးတယောက်ဆုံးရှုံးသွားတာ သိပ်ကို ဆိုးရွားပါတယ်။ တကယ်တော့ သူက အပြစ်ကင်းပါတယ်။ အမေများနေ့မှာ ကျမတို့နဲ့အတူ ရှိခဲ့ပါတယ်။ ဘာလိုလို ကူညီပေးတတ်တဲ့သူပါ။ ကျမသမီးကတော့ တော်တော်ခံစားရမှာပါ” လို့ ဆန္ဒပြပွဲမှာ သေဆုံး သွားတဲ့ ကျောင်းသူတဦးရဲ့ အဘွားဖြစ်သူက ပြောကြားခဲ့တာပါ။ “လူသတ်မှုအားလုံးနဲ့ အထူးသဖြင့် ကျမသားလေးအတွက် တရားမျှတမှုကို ကျမ တောင်းဆိုနေတာပါ။ နီကာရာဂွါမှာ အခုဖြစ်ခဲ့တာတွေအတွက် အဓိကတာဝန်ရှိတဲ့ အစိုးရဆီက တရားမျှတမှုကို ရရှိဖို့ ကျမတို့ လာတောင်းဆိုတာပါ” လို့ ဆန္ဒပြပွဲမှာ သေဆုံးသွားတဲ့ ကျောင်းသားတဦးရဲ့ မိခင်ဖြစ်သူက ပြောကြားခဲ့တာပါ။ ဧပြီ ၁၈ ရက်နေ့ကစတင်တဲ့ ဆန္ဒပြပွဲတွေမှာ မေလ ၃၁ ရက်နေ့ အကြမ်းဖက်မှုမပါဘဲနဲ့တောင် အနည်းဆုံး လူ ၈၁ ဦးသေဆုံးခဲ့ပြီး ၈၆၈ ဦးဒဏ်ရာရခဲ့တယ်လို့  နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က မေလ ၂၉ ရက်မှာ ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up