Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်က ပေးပို့သည့်စာများကို ဌာနဆိုင်ရာ ၉ ခုအကြောင်းမပြန်
ပိုင်စိုး
·
May 30, 2018
  ရန်ကုန်တိုင်းတရားလွှတ်တော်၊ စည်ပင်သာယာရေးကော်မတီ၊ လျှပ်စစ်ဓာတ်အားပေး အဖွဲ့အပါအဝင် ပြည်ထောင်စုနဲ့ တိုင်းအဆင့် ဌာနဆိုင်ရာ ၉ ခုဟာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ပေးပို့တဲ့စာတွေကို အကြောင်းမပြန်ကြားခဲ့ကြဘူးလို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပြီး လုံးဝ အကြောင်းမပြန်ခဲ့တဲ့ ဌာနတွေကတော့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်က ၃ စောင်စီ၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့က ၂ စောင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ မကွေးတိုင်းအစိုးရအဖွဲ့၊ ဧရာဝတီတိုင်း တရားလွှတ်တော်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နဲ့ တရားလွှတ်တော် ရှေ့နေများ ကောင်စီတို့က စာတစောင်စီဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ ကော်မရှင်က အများဆုံးစာပေးပို့ခဲ့တာကတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရက စာ ၃၅ စောင်မှာ ၈ စောင်ကို ပြန်ကြားခဲ့ပါတယ်။ ဧရာဝတီတိုင်းကတော့ ၂၅ စောင်မှာ ၂ စောင်၊ ပဲခူးတိုင်းက ၂၁ စောင်မှာ ၃ စောင်ကိုပဲ ပြန်ကြားခဲ့တာပါ။ ဒါ့အပြင် ဧရာဝတီတိုင်းအစိုးရနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ဟာ ပေးပို့တဲ့စာတွေကို ၁၀ ရာခိုင်နှုန်းအောက်ပဲ ပြန်ကြားခဲ့ကြတယ်လို့ ကော်မရှင်က ဆိုပါတယ်။ စာတွေရဲ့ ထက်ဝက်ကျော်ကိုပြန်ကြားခဲ့တဲ့ ဌာနတွေကတော့ အစဉ်လိုက်အားဖြင့် ပြည်ထဲရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ဖြစ်ပါတယ်။ ကော်မရှင်ကစာအများဆုံးပေးပို့ခဲ့ရတာက ပြည်ထဲရေးကိုဖြစ်ပြီး ၈၉ စောင်မှာ ၇၅ စောင်ကိုတော့ ပြည်ထဲရေးကပြန်ကြားခဲ့တာပါ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ ပေးပို့တဲ့စာ ၈ စောင်လုံးကို ပြန်ကြားလာလို့ အပြည့်အဝပူးပေါင်းတဲ့ ဌာနဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နှစ်တွေနဲ့ စာရင်တော့ နိုင်ငံတော် သမ္မတရုံးအပါအဝင် ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို အလေးထားလုပ်ဆောင်ပြီး ပြန်ကြားချက်တွေကိုလည်း ပိုပြီး တိတိကျကျကျနဲ့ ပွင့်ပွင့်လင်းလင်းပေးပို့လာတယ်လို့ ကော်မရှင်က သုံးသပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024