Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
May 30, 2018
  ဒီတပတ်ရဲ့ဒီဗွီဘီရဲ့ Movie Crazy - DVB  အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားတကား ရှိပါတယ်။ A Kid Like Jake လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Silas Howard က ရိုက်ကူးထားတာ ဖြစ်ပြီး မိသားစုကြားက ချစ်ခြင်းမေတ္တာနဲ့ ပြဿနာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရာမာအမျိုးအစား ရုပ်ရှင်ကား ဖြစ်ပါတယ်။ အသက် ၄ နှစ်အရွယ်သာ ရှိသေးတဲ့ ကောင်လေး Jake ဟာ ယောက်ျားလေးတယောက်လို ကြမ်းကြမ်းတမ်းတမ်းတွေ မကြိုက်ဘဲ ပုံပြင်ထဲက မင်းသမီးလေးတွေကို ပိုသဘောကျပြီး မင်းသမီးလေးတွေလို ဝတ်စားဆင်ယင်ပြီး နေထိုင်လိုတယ်။ ဒီလိုနဲ့ သူ ကြီးပြင်းလာရင် Transgender တယောက်လို ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Jake ရဲ့ မိဘနှစ်ပါးကလည်း သူ့ကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်ကြတယ်။ အဲဒီလိုနဲ့ ကလေးအတွက် သင့်တော်မယ့် ပုဂ္ဂလိက ကျောင်းတကျောင်းကို ရှာဖွေကြချိန်မှာ သူတို့သားလေး Jake ရဲ့ အခြေအနေနဲ့ အဆင်ပြေပါ့မလား။ သူတို့တွေ့တဲ့ကျောင်းက မတူကွဲပြားတဲ့ အခြေအနေနဲ့ ကလေးတွေကို လက်ခံသင်ကြားဖို့ ရှာဖွေနေတဲ့ ကျောင်းတကျောင်းဖြစ်တာမို့ Jake ရဲ့ ဒီအခြေအနေကို ဖော်ပြပြီး သင်ယူနိုင်ဖို့ ကျောင်းအုပ်က အကြံပေးချိန်မှာ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲ။ ဒါပေမယ့် ခုလိုအခြေအနေနဲ့ သားဖြစ်သူ Jake ဟာ ကြီးပြင်းလာချိန်မှာ ဘယ်နေရာမှာမဆို ရပ်တည် ရှင်သန်နေနိုင်ပါ့မလားဆိုတာကိုလည်း မိဘတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။ မိဘတွေရဲ့ ထိန်းကျောင်းပဲ့ပြင်မှုနဲ့ ရင်းနှီးကျွမ်းဝင်မှုကြား ယှက်နွယ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ စိုးရိမ်သောကများနေတဲ့ သားကိုချစ်တဲ့ မိခင်အဖြစ် အမ်မီဆုတွေ၊ ရွှေကမ္ဘာလုံးဆုတွေ အများကြီးရရှိထားတဲ့ နာမည်ကြီး ဟောလိဝုဒ်မင်းသမီး Claire Danes က မိခင်နေရာက ပါဝင်ထားပြီး မင်းသား Jim Parsons ကတော့ ဖခင်နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကလေးငယ် Jake နေရာမှာတော့ ကလေးသရုပ်ဆောင် Leo James Davis က ပါဝင်ထားတာပါ။ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ ဒုတိယတကား မိတ်ဆက် ပြောပြပေးချင်တာကတော့ American Comedy Movie အမျိုးအစား ဇာတ်ကားတကားပါ။ Action Point လို့ အမည်ရပါတယ်။ဒီကားကိုတော့ Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာ ဖြစ်ပြီး ဒါရိုက်တာ Tim Kirkby က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ Action Point ဆိုတာ Amusement Park တခုရဲ့ နာမည်ဖြစ်ပြီး အဲဒီ အပန်းဖြေကစားကွင်းဟာ ပြုပြင်ထိန်းသိမ်းထားတာမျိုး မရှိတဲ့ ကစားကွင်းတခုပါပဲ။ ကစားကွင်းထဲက ကစားနည်းတွေဟာ ဝင်ကြေးနည်းနည်းနဲ့ များများပျော်ရအောင် လုပ်ထားပေမယ့် လုံခြုံမှုမရှိတဲ့အခါ ဘာတွေဖြစ်လာမလဲ၊ ဘယ်လို ကမောက်ကမ အခြေအနေတွေနဲ့ ကြုံရမလဲဆိုတာကို ဟာသဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Action Point ရဲ့ ပိုင်ရှင် D.C အမည်ရတဲ့ ပေါကြောင်ကြောင် ဇာတ်ကောင် နေရာမှာတော့ မင်းသား Johnny Knoxville က ခေါင်းဆောင် ပါဝင်ထားတာ ဖြစ်ပါတယ်။ တနေ့မှာတော့ သူနဲ့ ခပ်တန်းတန်း ခပ်စိမ်းစိမ်း ဆက်ဆံရေးရှိတဲ့ ဆယ်ကျော်သက် သမီးငယ် Boogie က ကစားကွင်းကို လာလည်တယ်။ အဲဒီအချိန်မှာ သူက သမီးဖြစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတခု ပြန်ပြီးတည်ဆောက်ချင်တယ်။ Action Point နားမှာလည်း နောက်ထပ် ကစားကွင်းတခုက လာဆောက်တော့ သူ မြတ်နိုးတဲ့ ကစားကွင်းရဲ့ အနာဂတ်ကိုလည်း ကယ်တင်နိုင်ဖို့ လိုအပ်လာချိန်မှာ အူကြောင်ကြောင် ဝန်ထမ်းတွေနဲ့အတူ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်တကား မိတ်ဆက်ပြောပြချင်တာကတော့ မြန်မာရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ သားပိုက်ကောင်လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက် စီစဉ်ခဲ့တာဖြစ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားခဲ့တာ ဖြစ်ပါတယ်။ မြေးအပေါ်ထားရှိတဲ့ အဘွားတယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်ကြရမယ့် ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးလ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မြေးအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ အဘွားကြောင့် မြေးဖြစ်သူရဲ့ အချစ်ရေး၊ လူမှုရေးတွေအထိ လိုက်ပြီး ပါနေတာကြောင့် ကမောက်ကမ ဖြစ်ရတာတွေကို ဟာသဒရာမာဆန်ဆန် ရိုက်ကူး တင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိခင်တွေ၊ ဖွားအေတွေကို ပစ်မထားသင့်ဘဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ပြန် သတိရသွားစေဖို့ ဒီရုပ်ရှင်ကားက နှိုးဆော်ပေးနိုင်ပါလိမ့်မယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဝါရင့်နာမည်ကြီးသရုပ်ဆောင် စိုးမြတ်သူဇာနဲ့ မင်းသား ထွန်းထွန်းတို့က မြေးအဘွားအဖြစ် အတွဲညီညီ သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပြီး ရွှေသမီး၊ နေဆန်း၊ မင်းဦးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား အထူးပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ ပြသခဲ့ပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြချင်တဲ့ ဇာတ်ကားကတော့ Adrift ဆိုတဲ့ ဖြစ်ရပ်မှန် အခြေပြု American Romantic Drama အမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Baltasar Kormákur က ရိုက်ကူးထားတာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က သမုဒ္ဒရာတွင်း ရွက်လွှင့်ကြတဲ့ စုံတွဲတတွဲ ကြုံတွေ့ခဲ့ကြတဲ့ အခြေအနေတွေ အကြောင်းကို အခြေတည်ပြီး ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ Tami Oldham နဲ့ Richard Sharp တို့ လူငယ်စုံတွဲဟာ Tahiti ကနေ San Diego ထိ သမုဒ္ဒရာထဲကနေ ရွက်လွှင့်ပြီး စံချိန်တင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် Harricane မုန်တိုင်းတခုနဲ့ ထိပ်တိုက်တိုးခဲ့ချိန်မှာတော့ သူတို့ရဲ့ ခရီး ပန်းတိုင်ဟာ အခက်အခဲနဲ့ ဒုက္ခအနိဋ္ဌာရုံအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ Tami ဟာ မုန်တိုင်းစဲချိန် ပြန်နိုးထလာချိန်မှာ သူ့ရဲ့ ပျက်စီးသွားတဲ့ လှေကိုရော၊ ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးသွားတဲ့ အမျိုးသားကိုရော ပြန်ကယ်တင်နိုင်ပါ့မလား။ သူ့ရဲ့ ခရီးပန်းတိုင်ဆီ ပြန်ရောက်လာနိုင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲ့ စောင့်ကြည့်ကြရမယ့် ဇာတ်ကားတကားပါ။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသမီး Shailene Woodley နဲ့ မင်းသား Sam Claflin တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ ဒီတပတ်မှာ နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ကိုရီးယားရုပ်ရှင် ပရိသတ်တွေအတွက်ပါ။ GONJIAM HAUNTED ASYLUM လို့ အမည်ရပါတယ်။ ဒီကားကတော့ Horror Movie Crazy တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတကား ဖြစ်ပြီး ဒါရိုက်တာ Jung Bum-shik က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စူးစမ်းလေ့လာတဲ့ ဆယ်ကျော်သက် ကျောင်းသားလေး နှစ်ယောက်ဟာ Gonjiam လို့ ခေါ်တဲ့ စိတ္တဇ ဆေးရုံကြီးကို အလည်အပတ်သွားခဲ့ပါတယ်။ ဒီဆေးရုံကြီးဟာ ၁၉၇၉ ခုနှစ်မှာ စိတ္တဇ လူနာအမြောက်အမြားဟာ ကိုယ်တိုင် သေကြောင်းကြံခဲ့ကြပြီး ဆေးရုံအုပ်ကြီးကိုယ်တိုင် ပျောက်ဆုံးသွားတဲ့ ကြောက်မက်ဖွယ် ဆေးရုံဟောင်းကြီးအဖြစ် သတင်းမွှေးနေတဲ့ 'Gonjiam' စိတ္တဇဇဆေးရုံကြီးတရုံပါ။ လူငယ်လေး နှစ်ယောက်ဟာ နာမည်ကြီးနေတဲ့ ဆေးရုံ အခန်းနံပါတ် (၄၀၂) ကို ကြိုးစားပမ်းစား ရိုက်ဖွင့်ဖျက်ဆီးကြချိန်မှာ အခန်းထဲက Table Tennis ဘောလုံးလေးရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရပြီး သူတို့ရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်တနေ့ သတင်းစာမှာ အဲဒီကျောင်းသားလေး နှစ်ယောက် ပျောက်ဆုံးနေတဲ့ သတင်းပါလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေ အလွန်မှာတော့ Youtube Channel တခုဖြစ်တဲ့ Horror Time ကို ဦးဆောင်တဲ့ Ha Joon က အဲဒီစိတ္တဇဆေးရုံကြီးရဲ့ အကြောင်းကို စူးစမ်းလေ့လာဖို့ လူ ၇ ဦးပါတဲ့ အဖွဲ့နဲ့ စတင်လိုက်ပါတော့တယ်။ စူးစမ်းလေ့လာမှုတွေ လုပ်တဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကတော့ မကြာခင်မှာ ရှုစားကြရတော့မှာပါ။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီကားဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂၈ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီကားဟာ လက်ရှိမှာတော့ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉ သန်း ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ Movie Crazy - DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy - DVB တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024