DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလီတွေကို ပြန်လက်ခံဖို့ မူဝါဒရှိဟု လ၀က ၀န်ကြီးပြော
DVB
·
June 28, 2012
Donate to DVB

မြန်မာပြည်ထဲကနေ ထွက်သွားတဲ့ ဘင်္ဂါလီလူမျိုးတွေကို  သတ်မှတ်ချက်စံနှုန်းနဲ့ ကိုက်ညီရင် ပြန် လက်ခံဖို့ မူဝါဒ ခိုင်ခိုင်မာမာရှိပါတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့ ဘင်္ဂါလီပေါ့နော်။ ဟိုဘက်ကို ထွက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်ပြီး လက်ခံဖို့ မူတွေရှိတယ်။ ဆိုပါတော့ဗျာ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ဘက်က ထွက်သွားတဲ့သူ ဖြစ်ရမယ်။ သူကိုယ်တိုင်ကလည်း ပြန်လာချင်တဲ့ ဆန္ဒရှိရမယ်။ သား သမီးတွေ ထွန်းကားတယ်ဆိုရင်လည်း ဒီ ထွက်သွားတဲ့ ဇနီး မောင်နှံကနေ မွေးဖွားတဲ့သူဖြစ်ရမယ်။ အဲ့လို မူဆုံးဖြတ်ချက်တွေနဲ့ ပြည့်စုံတဲ့လူတွေကို ပြန်ပြီး လက်ခံပေးဖို့ အဆင့်သင့်ရှိတယ်။ ဒီအတွက်လည်း နှစ်ဖက် ညှိနှိုင်းထားပြီး ဖြစ်တယ်။”

လွန်ခဲ့တဲ့သီတင်းပတ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ၀င်ရောက်တဲ့ ဘဂါင်္လီ ၂ ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက လက်မခံဘဲ မြန်မာပြည်ဘက်ကို ပြန်လည်မောင်းထုတ်ခဲ့တာကြောင့် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်အစိုးရကို လက်ခံပေးဖို့ နားချနေပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း လက်ရှိမှာကိုပဲ သူတို့မြေပိုင်နက်မှာ ရိုဟင်ဂျာ ၃ သိန်းလောက် ခိုလှုံနေတာကို ထောက်ပြပြီး သူတို့ပိုက်နက်မှာ ထပ် လက်မခံနိုင်တော့ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကတော့ ရခိုင်ပြည်နယ်မှာ အမတ်နေရာ ၄၄ နေရာအနက် ၃၅ နေရာ အနိုင်ရထားတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက သဘောထား ထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို ရခိုင်တွေနဲ့ အတူယှဉ်တွဲ နေထိုင်ရေးဟာ မဖြစ်နိုင်တော့ဘဲ ယာယီသီးခြားနေရာချထားပြီး ကုသလမဂ္ဂအစီအစဉ်နဲ့ တတိယနိုင်ငံ ပို့ဆောင်ရေးကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စာရင်းအတိအကျ မသိရပေမယ့် ရခိုင်လူမျိုး ၃ သန်းကျော် လောက်ရှိပြီး ဘင်္ဂါလီက ၈ သိန်းလောက်အထိ တိုးပွားလာနေတယ်လို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုပြီး ကလေးမွေးဖွားမှုနှုန်း မြင့်မားတယ်ဆိုပြီး ဘင်္ဂါလီတွေက လူမျိုးရေးအရ လွှမ်းမိုးမှာကို စိုးရိမ်နေကြတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ဘင်္ဂါလီလူမျိုး ပြဿနာအဖြစ် ရှုမြင်ပြီး အစိုးရအဆက်ဆက် နယ်စပ်ဒေသ လူဝင်လူထွက် စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာနဲ့ ရခိုင်လူမျိုးတွေအပေါ် မရိုးသားတဲ့ နိုင်ငံရေးမူဝါဒ ထားရှိတဲ့အပေါ် အခြေခံပြီး ပေါ်ပေါက်ခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ၁၈၂၄ ခုနှစ်မတိုင်ခင် နေထိုင်ခဲ့သူတွေသာ ပင်ရင်းတိုင်းရင်းသားဖြစ်တယ် ဆိုတာကို ရှင်းပြပြီး ဘဂါင်္လီတွေဟာ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက် ၀င်ရောက်ခဲ့တယ်လို့ ပြောဆိုပါတယ်။

လာမယ့် ဇူလိုင်လလယ်ပိုင်းမှာလည်း မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိပြီး ခရီးစဉ်တွင်းမှာ ဘင်္ဂါလီတွေကိစ္စကို ဆွေးနွေးခဲ့ဖို့ လိုတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြောသလိုပေါ့။ သူတို့ကလည်း သူတို့နိုင်ငံသား မဟုတ်ဘူးလို့ ပြောခဲ့တယ်ဆိုရင် သူတို့တွေက ကျနော်တို့ နိုင်ငံသား မဟုတ်ဘူး ဆိုတာကို သမ္မတကြီးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့ပြောတဲ့ စစ်တကောင်းဒေသခံတွေ ဟုတ် မဟုတ်ကို လိုအပ်တဲ့ သိပ္ပံနည်းကျ စစ်ဆေးမှုတွေ လုပ်လို့ရပါတယ်။ DNA စစ်တာ၊ မျိုးရိုးဗီဇ စစ်တာ တခုခုပြန်စစ်ရင် အဲ့ဒေသခံ ဟုတ် မဟုတ်ဆိုတာမျိုး။ အဲ့ဒေသမှာရှိတဲ့ မျိုးနွယ်စုနဲ့ မျိုးရိုးဗီဇ တူ၊ မတူ ပြန်သုံးသပ်နိုင်ရင် ဖြစ်နိုင်မယ်ထင်ပါတယ်။”

နယ်စပ်ဒေသ လ၀က ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း  ပြဿနာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ပယ်ချလိုက်ပြီး အကျင့်ပျက် ၀န်ထမ်းတချို့ကြောင့် ၀န်ကြီးဌာနတခုလုံးကို အပြစ်ပုံချတာမျိုး မဖြစ်သင့်ဘူးလို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ မငြိမ်မသက်ဖြစ်နေချိန် ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေက မေးမြန်းရာမှာ နိုင်ငံသားဖြစ်မှု အတွက် အလွန်ရှင်းလင်းတိကျတဲ့ ဥပဒေတွေရှိဖို့ လိုအပ်ပြီး အဓိက ပြဿနာက နယ်စပ်မလုံခြုံမှုကြောင့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ ရှိနိုင်တာကြောင့် ပိုမိုတာဝန်ယူမှုရှိပြီး အကျင့်ပျက် ခြစားမှုမရှိတဲ့ နယ်ခြားစောင့်ကြည့်မှုမျိုး လိုအပ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013